- အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀၀ ခန့် AA ထံ လက်နက်ချ
- တောင်ကုတ်ဒေသခံ ပရဟိတသမားကို စစ်ကောင်စီသတ်ဖြတ်
- ရခိုင်တိုက်ပွဲတစ်နှစ်အတွင်း အရပ်သား ၁,၆၀၀ ကျော် ထိခိုက်သေဆုံး၊ ကလေးသူငယ်နှင့် အမျိုးသမီး ၈၀၀ ကျော် ပါဝင်
- AA ထိုးစစ် အမ်းမြို့တွင်းအထိ ထိုးဖောက်လာ
- စစ်ကောင်စီက စစ်တွေမြို့တွင်းခံတပ် တိုးချဲ့ပြင်ဆင်
တောင်ကုတ်ဒေသခံ ပရဟိတသမားကို စစ်ကောင်စီသတ်ဖြတ်
ဦးစိုးမြင့်မှာ တောင်ကုတ်မြို့လယ်ရှိ ကိုင်းရှည်တံတားနှင့် အနီးပတ်ဝန်းကျင်ကို မိမိအသိစိတ်ဖြင့် နေ့စဉ် သန့်ရှင်းရေးလုပ်နေသည်မှာ ဆယ်စုနှစ်တစ်ခု ရှိနေပြီဖြစ်ကာ ရခိုင်ပြည်သူများက နှလုံးလှပရဟိတဆုကို ချီးမြှင့်ထားသူလည်း ဖြစ်သည်။
16 Nov 2024
DMG ၊ နိုဝင်ဘာလ ၁၆
ရခိုင်ပြည်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ ပရဟိတသမားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
အသက် (၇၀) အရွယ် ပရဟိတသမား ဦးစိုးမြင့်မှာ နိုဝင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းအချိန် တောင်ကုတ်မြို့ ကိုင်းရှည်တံတားပေါ်တွင် သန့်ရှင်းရေးလုပ်နေစဉ် ပစ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက နံနက်ပိုင်းအချိန် အမှိုက်တွေကို သန့်ရှင်းရေးသွားလုပ်တဲ့အခါ တံတားပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာပါ။ ဒီနေ့အထိ အလောင်းကို ယူလို့မရသေးဘူး” ဟု တောင်ကုတ်မြို့မှ သတင်းရင်းမြစ်က ပြောသည်။
ဦးစိုးမြင့်မှာ တောင်ကုတ်မြို့လယ်ရှိ ကိုင်းရှည်တံတားနှင့် အနီးပတ်ဝန်းကျင်ကို မိမိအသိစိတ်ဖြင့် နေ့စဉ် သန့်ရှင်းရေးလုပ်နေသည်မှာ ဆယ်စုနှစ်တစ်ခု ရှိနေပြီဖြစ်၍ ရခိုင်ပြည်သူများက နှလုံးလှပရဟိတဆုကို ချီးမြှင့်ထားသူ ဖြစ်သည်။
ယခုကဲ့သို့ ပရဟိတလုပ်ကိုင်နေသူတစ်ဦး သတ်ဖြတ်ခံလိုက်ရမှုအပေါ် ဝမ်းနည်းမိကြောင်း ရခိုင်ပြည်တွင်း ပရဟိတလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုနေကြသည်။
“သူတော်ကောင်းကို ပစ်သတ်ရဲတဲ့ မင်းတို့ ဝဋ်လည်မှာ အသေအချာပဲ” ဟု ပရဟိတသမား စာရေးဆရာ ဝေဟင်အောင်၏ လူမှုစာမျက်နှာတွင် ရေးသားထားသည်။
တောင်ကုတ်မြို့နရှိ စစ်ကောင်စီတပ်စခန်းအချို့ကို AA ကသိမ်းပိုက်ထားပြီး နိုဝင်ဘာလ ၁၃ ရက်မှစ၍ ကိုင်းရှည်တံတားအနီးနှင့် သိမ်တောင်ရပ်ကွက် တို့တွင် ယနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
မြို့ပေါ်ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် တိုက်ပွဲကြား ပိတ်မိနေသူများလည်း ရှိနေသည်။
“အခုလိုမျိုး လုပ်ရပ်တွေကို ကြားနေမြင်နေရတော့ ပိုပြီးတော့ စိုးရိမ်တယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
စစ်ရေးအရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် အရပ်သားများအား ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု စသည့်စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြသည်။
ရခိုင်ဒေသအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် တတိယတကျော့ပြန် တိုက်ပွဲကာလ တစ်နှစ်အတွင်းမှာ အရပ်သား ၁,၆၀၀ ကျော် ထိခိုက်သေးဆုံးခဲ့ကြောင့် DMG စာရင်းအရ သိရသည်။