- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
- အေအေထိန်းသိမ်းထားသည့် တတိယမြောက် ကုန်သင်္ဘော ၁၆ ရက်အကြာ ပြန်လွတ်လာ
- အာဏာသိမ်း ၄ နှစ်ပြည့်နှင့် စစ်ရေး၊ နိုင်ငံရေး အလားအလာ
- ရခိုင့်နိုင်ငံရေး အပြောင်းအလဲနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုံရဲ့ အနာဂတ်
သင်ပေးထားသည့် စစ်ပညာများကို လက်တွေ့အသုံးချရန် ဗိုလ်လောင်းများကို စစ်ခေါင်းဆောင်ညွှန်ကြား
ဒီဇင်ဘာလ ၁၂ ရက်က ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်တွင် ပြုလုပ်သည့် အမှတ်စဉ် (၂၆) ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
13 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၃
နိုင်ငံတဝန်းစစ်မျက်နှာများတွင် အရှုံးနှင့်ရင်ဆိုင်နေရချိန် အသစ်မွေးထုတ်လိုက်သော ဗိုလ်လောင်းများအား စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး တိုက်ပွဲဝင်အသင့်ဖြစ်သည့် အင်ဂျင်နီယာအရာရှိကောင်းများဖြစ်အောင် ကြိုးပမ်းကြရန်” ညွှန်ကြားလိုက်သည်။
ဒီဇင်ဘာလ ၁၂ ရက်က ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်တွင် ပြုလုပ်သည့် အမှတ်စဉ် (၂၆) ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် “အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့ဖြင့် ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်မှသာ အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်းကောင်းဖြစ်လာမည်” ဟုလည်း စစ်ခေါင်းဆောင်က ပြောသည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တော်လှန်ရေးအင်အားစုများ၏ အရှိန်မြှင့်ထိုးစစ်များကြောင့် စစ်ကောင်စီသည် မြေပြင်တွင် မရှုမလှဖြစ်နေပြီး နယ်မြေဆုံးရှုံးမှု များပြားလာနေသည်။
အနောက်ဖက်နယ်စပ် ရခိုင်ဒေသတွင်ဆိုလျှင် ထိန်းချုပ်နယ်မြေများ တဖြည်းဖြည်း လျော့နည်းလာနေပြီး တိုင်းစစ်ဌာနချုပ်ကိုပါ လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၈၆ မြို့အထိရှိနေပြီး မြေပြင်အခြေအနေအရ နောက်ထပ်လည်း ဆုံးရှုံးရမည့်အနေအထားတွင် ရှိနေသည်။
“အခုအချိန်မှာ စစ်တပ်က အရူးမီးဝိုင်းနေပြီ။ တိုက်ရင်လည်းမနိုင်၊ မြေပြင်တပ်သားတွေကလည်း စိတ်ဓာတ်ပိုင်းအရ လုံးလုံးကြီးကျဆင်းနေပြီ။ စစ်မြေပြင်ကို တပ်သားတွေ အလုံးအရင်းပို့ရင်လည်း ဖမ်းဆီးခံရ၊ လက်နက်ချ၊ သေဆုံးနဲ့ ပြန်မလာတာ များတယ်။ စစ်ခေါင်းဆောင်က ဘယ်လောက်ပဲ ရာဇသံပေးနေပါစေ တော်လှန်ရေးအင်အားစုတွေရဲ့ စိတ်ဓာတ်ပိုင်း စစ်ဆင်ရေးအောက်မှာ ရှုံးနိမ့်နေမှာပဲ” ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
တစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုများက နည်းပညာများကိုအသုံးချပြီး ဒရုန်းတိုက်ခိုက်မှုများဖြင့် စစ်ရေးအသာစီးရနေမှုကို စစ်ကောင်စီက သိရှိလာ၍ ခေတ်မီနည်းပညာဖြင့် ဖန်းတီးထားသည့် ဒရုန်းများကို ဝယ်ယူကာ တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
မျက်မှောက်ခေတ်စစ်မြေပြင်သည် သတင်းအချက်အလက်နည်းပညာကို အခြေခံပြီး Digitalized Battle Field (ဒစ်ဂျစ်တယ်စစ်မြေပြင်) အသွင်ဆောင်လာနေ၍ သတင်းအချက်အလက်နည်းပညာများကို ခေတ်နှင့်အညီ တတ်မြောက်ထားရမည်ဟု စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့သည်။