တော်လှန်ရေးတပ်ဖွဲ့များကြောင့် ပြည်သူများ ဒုက္ခရောက်နေရသည်ဟု NCA နှစ်ပတ်လည်နေ့တွင် စစ်ခေါင်းဆောင်ပြော

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှာလည်း ကတိကဝတ်များကို ချိုးဖောက်ပြီး NUG၊ CRPH နှင့် PDF အဖွဲ့များကို ထောက်ပံ့မှုမျိုးစုံပေးခဲ့ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

By Admin 15 Oct 2024

ဓာတ်ပုံ - CINCDS
ဓာတ်ပုံ - CINCDS

DMG ၊ အောက်တိုဘာ ၁၅

အာဏာသိမ်းမှုအကျိုးဆက်အဖြစ် ပြင်းထန်သော ထိုးစစ်များကြောင့် နယ်မြေများ လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် နိုင်ငံတဝန်းဖြစ်ပွားနေသည့် ပဋိပက္ခများကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ အားလုံး အပြစ်ပုံချသည့် စကားပြောဆိုလိုက်သည်။

ယနေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၉) နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ခြင်းဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပြည်သူများ ဆင်းရဲဒုက္ခရခြင်းဟု စစ်ခေါင်းဆောင်က စွပ်စွဲပြစ်တင်ထားသည်။ 

“၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ MNDAA၊ TNLA၊ AA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကလည်း ပြည်သူများရဲ့ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ဒီမတိုင်မီမှာလည်း KNPP၊ KNDF၊ PNLO၊ KIA နဲ့ KNU လက်နက်ကိုင် သောင်းကျန်းသူများဟာ နယ်မြေဒေသအသီးသီးမှာ အဖျက်အမှောင့်လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြပါတယ်။ အကျိုးဆက်ကတော့ အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရပါတယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။

ယင်းအပြင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှာ ကတိကဝတ်များ ချိုးဖောက်ပြီး NUG၊ CRPH နှင့် PDF အဖွဲ့များကို ထောက်ပံ့မှုမျိုးစုံပေးခဲ့ကြောင်း ဆက်ပြောသည်။ 

စစ်ခေါင်းဆောင်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်လူငယ်တစ်ဦးက “မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတာဟာ စစ်အာဏာရှင်တွေရဲ့ ခေတ်အဆက်ဆက်က ဖိနှိပ်မှုတွေကြောင့် ဖြစ်တယ်။ နောက်ပြီး ပြည်သူတွေရွေးချယ်တဲ့ အစိုးရကို လက်မခံဘဲ အာဏာသိမ်းလိုက်တော့ ပိုဆိုးသွားပေါ့။ ဒါကြောင့် ကိုယ့်အမှားကို ဖုံးဖိပြီးတော့ သူများကို အပြစ်တင်စွပ်စွဲတာလို့ မြင်တယ် ” ဟု ဆိုသည်။

၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ (၈)ဖွဲ့က ဦးစွာ လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းနောက် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူး ဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့က လက်မှတ်ရေးထိုးခဲ့သဖြင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ရှိနေသည်။

သို့သော်လည်း လက်ရှိတွင် NCA လက်မှတ်ရေးထိုးအဖွဲ့များထဲမှ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) စသည့် အဖွဲ့များမှာ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ခြင်းများ ရှိနေသည်။

ထို့အပြင် မွန်ပြည်သစ်ပါတီနှင့် ပအိုဝ်တပ်များမှာလည်း NCA လက်ခံသူနှင့် လက်ခံဘဲ စစ်ကောင်စီကို တိုက်ခိုက်နေသူများ ဟူ၍ နှစ်ဖွဲ့ကွဲနေသည်။

NCA စာချုပ်အစိတ်အပိုင်း(၃)၊ နံပါတ်(၇) ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့များ နေရာချထားခြင်း အပိုဒ်(က)တွင် နှစ်ဖက်တိုက်ရိုက် ထိတွေ့ရင်ဆိုင်မှုရှိသောနေရာတို့တွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် ဆက်သွယ်မှု၊ မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှုနည်းလမ်းများ ရယူလျက် ချက်ချင်းဆောင်ရွက်ရန် သဘောတူထားခြင်းဖြစ်သည်။