- တရုတ် မိတ်ဖက် Airbus ကုမ္ပဏီသည် စစ်ကောင်စီ စစ်ရာဇဝတ်မှုတွင် ပါဝင်နေဟု အဖွဲ့အစည်းများပြော
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ ပြည်ပထွက်ခွာမှု မြင့်တက်လာ
- ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ လုပ်ငန်းထိခိုက်
- ဒီမိုကရေစီမျှော်လင့်ချက် မှေးမှိန်လာပြီး ခေါင်းဆောင်မှု လိုအပ်နေသည့် မြန်မာ့အရေး
- ပေါက်တောတွင် ရေထွက်ကုန်များကို ကုန်ချောအဖြစ် ထုတ်လုပ်နေ
ရခိုင်မှ တရုတ်သို့တင်ပို့သည့် ရွှံ့ကဏန်းနှင့် ကျောက်ပုစွန်တို့တွင် Virus ပိုးတွေ့ရှိမှုကြောင့် တင်ပို့ခွင့်ကိုယာယီရပ်ဆိုင်းထား
ရခိုင်မှ တရုတ်သို့တင်ပို့နေသော ရွှံ့ကဏန်းနှင့် ကျောက်ပုစွန်တို့တွင် White Spot Syndrome Virus(WSSV) တွေ့ရှိသဖြင့် (မေလ ၂၃ ရက်နေ့မှ)စတင်ကာ တင်ပို့ခွင့်ကို ယာယီရပ်နားထားရကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
25 May 2022
DMG ၊ မေ ၂၅
ရခိုင်မှ တရုတ်သို့တင်ပို့နေသော ရွှံ့ကဏန်းနှင့် ကျောက်ပုစွန်တို့တွင် White Spot Syndrome Virus(WSSV) တွေ့ရှိသဖြင့် (မေလ ၂၃ ရက်နေ့မှ)စတင်ကာ တင်ပို့ခွင့်ကို ယာယီရပ်နားထားရကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
တရုတ်နိုင်ငံသို့တင်ပို့သည့် ရွှံ့ကဏန်းနှင့် ကျောက်ပုစွန်အချို့တွင် Virus ပိုးတွေ့ရှိသည်ဟုဆိုကာ တရုတ်ဘက်မှ သတိပေး အကြောင်းကြာလာခဲ့သဖြင့် မြန်မာနိုင်ငံမှ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ပို့ကုန်များကိုစစ်ဆေးရာ ရခိုင်မှ ရွံ့ဂဏန်းနှင့် ကျောက်ပုစွန်တို့တွင် ပိုးတွေ့ရှိခဲ့ကြောင်း ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက DMG သို့ပြောသည်။
“ဒီလုပ်ငန်းကို မပို့ရတော့ဘူးဆိုရင် ဒီလုပ်ငန်းလုပ်နေကြတဲ့လူတွေ အကုန်ဒုက္ခရောက်ကုန်မှာစိုးလို့ ရခိုင်က မြို့နယ်အလိုက်ထွက်တဲ့ ရွှံ့ကဏန်းနှင့် ကျောက်ပုစွန်တွေကို ရန်ကုန်ကဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးတာတွေလုပ်နေတယ်။ အဲဒီလိုစစ်ဆေးလို့ ပိုးပါတဲ့ဒေသကိုအတိအကျသိရရင် အဲဒီဒေသကိုယာယီပိတ်ပြီး ကျန်တဲ့ဒေသကကုန်တွေကို ထပ်တင်ပို့နိုင်အောင်ဆောင်ရွက်သွားမှာပါ”ဟု ၎င်းကဆိုသည်။
ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များနှင့် ကုန်သည်များအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် ပူးပေါင်းပါဝင်ခြင်းမရှိပါက ရခိုင်ပြည်နယ်မှထွက်ရှိသည့် ရွှံ့ကဏန်းနှင့် ကျောက်ပုစွန်တို့ကို တရုတ်မှဝယ်ယူတော့မည် မဟုတ်ကြောင်း ဦးသက်ဦးကပြောသည်။
“ဒီလိုပိတ်တဲ့အခါ ပူးပေါင်းပါဝင်ဒါမရှိပဲ အခြားဒေသဘက်က ခိုးပြီးတင်ပို့ရင် ဟိုကရောဂါပါတဲ့ကုန်တွေထပ်တွေ့ရင် နောက်တစ်ခါ ဒီကုန်တွေကို တရုတ်ကဝယ်တော့မှာမဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာနိုင်ငံက ဂုံးတစ်မျိုးမှာရောဂါပိုးတွေ့တာကို ထပ်ပြီးပို့ခဲ့လို့ တင်သွင်းခွင့်ပိတ်ပစ်လိုက်တာ အခုထိတင်ပို့လို့မရသေးဘူး”ဟု သူကရှင်းပြသည်။
White Spot Syndrome Virus (WSSV)သည် အခွံပါရှိသော ရေငံနေသတ္တဝါများတွင် အဖြစ်များလေ့ရှိပြီး ရောဂါဖြစ်ပွားပါက အဖြူစက်များပေါ်လာခြင်း၊ ပန်းရောင်မှ နီညိုရောင်ဖြစ်ခြင်း၊ ရောဂါပြင်းထန်ပြီး မသေသေးသောပုဇွန်များတွင် အနီရောင်ပြောင်းကာ အခွံမာလာပြီး ဦးမှင်များကျိုးပဲ့လာခြင်းတို့ဖြစ်ပေါ်တက်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယခုကဲ့သို့ ချက်ချင်းတင်ပို့ခွင့်ပိတ်လိုက်သည့်အတွက် ရခိုင်မှ ကဏန်း၊ ပုစွန်ကုန်သည်များနှင့် လုပ်ငန်းရှင်များအနေဖြင့် များစွာထိခိုက်မှုများရှိခဲ့ကြောင်း ဆိုကြသည်။
“ဒီနေ့မနက်ကအသိပေးပြီးရင် နေ့ခင်းဘက်ဆိုတာနဲ့ တင်ပို့ခွင့်မျှောစာ ထုတ်မပေးတော့ဘူး။ ဒီတော့ အကုန်လုံးက ငွေနဲ့ဝယ်ထားရတာဆိုတော့ အကုန်ဒုက္ခရောက်ကုန်တယ်။ ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းခဲ့ပြီးတော့ ပြန်ပြီးနလန်ထူခါစမှာ အခုလိုကြုံတွေ့ရတဲ့အတွက် ကျွန်တော်တို့အတွက် အများကြီးအခက်အခဲဖြစ်ပါတယ်”ဟု ကျောက်ပုစွန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်သန်းကပြောသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ရခိုင်မှ တရုတ်ပြည်သို့ ကျောက်ပုစွန်တန်ချိန် ၁၀၀ ကျော်နှင့် ရွှံ့ကဏန်းတန်ချိန် ၄၀၀ ကျော်ခန့်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနစာရင်းများအရ သိရသည်။