- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
ဆေးရွက်များကို ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ဘူးသီးတောင်မြို့စသည့် မြို့နယ်တို့တွင် အများအားဖြင့် စိုက်ပျိုးကြပြီး ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း သုံးစွဲမှုပိုများနေကြောင်း သိရသည်။
23 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၃
ရခိုင်ဒေသတွင် Weed ဟု အများခေါ်သည့် ဆေးခြောက်နှင့် အာဆီယံ ဟုခေါ်သည့် ဆေးရွက်များကို လူငယ်များကြား သုံစွဲမှုများပြားနေပြီး အာဏာပိုင်များက တားဆီးရန်လိုအပ်လာကြောင်း ပြောဆိုကြသည်။
ဆေးရွက်များကို ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ဘူးသီးတောင်မြို့စသည့် မြို့နယ်တို့တွင် အများအားဖြင့် စိုက်ပျိုးကြပြီး ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း သုံးစွဲမှုပိုများနေကြောင်း သိရသည်။
“ဆေးရွက်တွေကို ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကလာပြီး အများဝယ်ကြတယ်။ ဝယ်ယူသူတွေက နေ့တိုင်းလိုလိုရောက်တယ်။ အများအားဖြင့် လူငယ်ပိုင်းတွေ များတယ်” ဟု ကျောက်တော်မြို့နယ်မှ အာဆီယံဆေးရွက် စိုက်ပျိုးရောင်းချသူ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ရေးကြားတွင် ရခိုင်က လူငယ်များမှာ အလုပ်အကိုင်၊ ပညာရေး စသည့် အနာဂတ် မျှော်လင့်ချက်များ ပျောက်ဆုံးနေပြီး မူးယစ်ဆေးဝါးကို စိတ်ထွက်ပေါက်တစ်ခုအဖြစ် သုံးစွဲလာကြခြင်းဟု ပြောဆိုကြသည်။
ဆေးခြောက်ကို အမှုန့်ခြွေပြီး ဆေးလိပ်ထဲ ထည့်သောက်ခြင်း၊ မီးရှို့ပြီး အငွေ့များကို နည်းမျိုးစုံနှင့် ရှူရှိုက်ခြင်း၊ အာဆီယံလို့ခေါ်သည့် ဆေးရွက်များကို အရေကြိုပြီး သောက်သုံးနေကြခြင်း ဖြစ်သည်။
“ဝိ’ကိုတော့ လူငယ်အများစုက ဆေးလိပ်လို့ သောက်တာထက် ရေသန့်ဗူးလို စတဲ့ဗူးတွေကို ရှုဗူးအဖြစ် အသုံးပြုပြီး ရှုကြတယ်။ အာဆီယံလို့ခေါ်တဲ့ ဆေးရွက်တွေကိုကျတော့ မိနစ် ၂၀ လောက် အရည်ကြိုပြီးတော့ နောက် အခြားဆေးရည်၊ အချိုရည်တွေနဲ့ ရောနှောပြီး အရက်လိုမျိုးသောက်ကြတယ်” ဟု ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာမှ လူငယ်တစ်ဦးက ပြောသည်။
အာဆီယံဆေးရွက်ကို မူယစ်ဆေးအဖြစ် သောက်သုံးနေခြင်း၏ အကျိုးဆက်အဖြစ် ကျန်းမာရေးကဏ္ဍတွင် စိုးရိမ်စရာဖြစ်လာနိုင်ပြီး၊ ရေရှည်သုံးစွဲပါက မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ ကင်ဆင် စသည့် အထွေထွေရောဂါများ ဖြစ်လာနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။
မူးယစ်ဆေးဝါးများကို သုံးစွဲခြင်းအားဖြင့် တခဏတာသာယာမှုကိုသာ ရရှိမည်ဖြစ်ပြီး နောက်ဆက်တွဲ မိသားစု၊ လူမှုအသိုင်းအဝန်း၊ ပညာသင်ယူ၊ အလုပ်အကိုင်အခွင့်အလမ်း စသည့် လူမှုဘဝတွင် ဆိုးကျိုးများသာ ကြုံလာရနိုင်ကြောင်း ဆိုကြသည်။
“ပုံမှန်သုံးနေရင်တော့ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေအပြင် စိတ်ဓာတ်ပိုင်း၊ လူမှုဘဝနေထိုင်ရေး မှာပါ နိမ့်ကျလာမှာက အသေအချာဖြစ်တယ်။ ဒါတွေက မျိုးဆက်သစ်ရခိုင်လူငယ်တွေရဲ့ အနာဂတ်တွေကို နိမ့်ကျစေတယ်” ဟု မြောက်ဦးမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ကြောင့် ရခိုင်ဒေသအတွင်း သောက်သုံးသူများလာသော ဆေးခြောက်နှင့် ဆေးရွက်များကို အလွန်အကျွံ သုံးစွဲမှုအပေါ် အာဏာပိုင်များက ကြပ်မက်ပေးဖို့ လိုအပ်နေကြောင်း ပြည်သူများက ပြောဆိုနေကြသည်။