ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ညောင်ခြေထောက်ကျေးရွာအနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၆) သံရည်ကျိုစက်ရုံ အပါအဝင် အနီးအနား ကပစ စက်ရုံများတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်နေကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 15 Mar 2025

ရခိုင်ပြည်၊ စစ်တွေမြို့တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။
ရခိုင်ပြည်၊ စစ်တွေမြို့တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။

DMG ၊ မတ် ၁၅ 

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ညောင်ခြေထောက်ကျေးရွာအနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၆) သံရည်ကျိုစက်ရုံ အပါအဝင် အနီးအနား ကပစ စက်ရုံများတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်နေကြောင်း ဒေသခံများထံမှ သိရသည်။

ညောင်ကျိုးစခန်းကို အာရက္ခတပ်တော် (AA) အပါအဝင် ပူးပေါင်းတပ်များက မတ် ၁၃ ရက်တွင် သိမ်းပိုက်လိုက်ပြီးနောက် မတ် ၁၄ ရက်မှ စ၍ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များသည် ကပစ စက်ရုံများသို့ ကိုယ်တိုင်သွားရောက်ကာ လုံခြုံရေးတိုးမြှင့်နေခြင်း ဖြစ်သည်။

" မနေ့က နေပြည်တော်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကားတွေနဲ့ သွားလိုက်လာလိုက် အလုပ်ရှုပ်နေကြတာ။ ကပစ စက်ရုံတွေမှာ အစည်းအဝေးလုပ်ခဲ့တယ်လို့လည်း သိရတယ်။ လုံခြုံရေးတွေ အရင်ထက် ပိုချထားတာလည်း တွေ့ရတယ်" ဟု ပန်းတောင်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ညောင်ကျိုးစခန်းနှင့် ၁၁ မိုင်ခန့် ကွာဝေးသည့် ကပစ ၆ စက်ရုံအနီးနှင့် အနီးအနားတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြင့်နေခြင်းသည် တော်လှန်ရေးတပ်များ၏ ထိုးစစ်ကို ခုခံရန် ခံစစ်ပြင်ဆင်နေခြင်းဟု ဒေသခံများက ရူမြင်ကြသည်။

ယင်းအပြင် စစ်ကောင်စီသည် ညောင်းကျိုးအနီးရှိ ချင်းကုန်းတပ်စခန်းတွင် အင်အား ထပ်မံဖြည့်တင်းထားသည့်အပြင် ညောင်ကျိုးစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများဖြင့် အင်အားစုကာ ခံစစ်အခိုင်အမာ ပြင်ဆင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

" ညောင်းကျိုးသိမ်းပြီးနောက်မှာတော့ တိုက်ပွဲတွေက ငြိမ်နေတယ်။ စစ်ကောင်စီကတော့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေ ကပစ အနားကို မရောက်ဖို့ ခံစစ်ပြင်ဆင်နေတဲ့ အနေအထားပါ" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် တောင်ကုတ် - ပန်းတောင်း လမ်းပိုင်းရှိ လက်ကျန် ချင်းကုန်းတပ်စခန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်လျှင် စစ်ကောင်စီ၏ စစ်ရေးအတွက် အရေးပါသည့် ကပစ စက်ရုံများကို ခြိမ်းခြောက်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။

" ဥသျှစ်ပင်လမ်းဆုံကို ထိန်းချုပ်နိုင်ရင် ကပစ ၆ ၊ ကပစ ၉ ၊ ကပစ ၅ တွေကို ဖြတ်တောက်နိုင်ရမယ်။ အဲဒါကြောင့် ညောင်ကျိုးပြီးရင် ဥသျှစ်ပင်လမ်းဆုံကို ထိန်းနိုင်ရမယ်။ ပြီးတော့မှ ကပစ ၆ နဲ့ ကပစ ၉ ကို အရင်ဆုံးတိုက်ခိုက်နိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်" ဟု CDM ဗိုလ်ကြီးဇင်ယော် က ပြောသည်။

ပဲခူးတိုင်းအနောက်ဖက် ပန်းတောင်မြို့နယ်၊ ဥသျှစ်ပင်တပ်နယ်တွင် စစ်ကောင်စီ၏ ကပစ-၅၊ ကပစ-၆၊ ကပစ-၉ နှင့် ကပစ-၁၆ တို့ တည်ရှိကြောင်း သိရသည်။

AA နှင့် ပူပေါင်းတပ်များသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စကာ ရခိုင် - ပဲခူးနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင်သိမ်းပိုက်လာနေခြင်းဖြစ်ပြီး လက်ရှိ ပူးပေါင်းတပ်များ၏ ထိုးစစ်မှာ ကပစ စက်ရုံများအနီးသို့ ရောက်ရှိလာနေသည်။