- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှ စ၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံတဝန်းတွင် ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်မှု ၂၃၉ ကြိမ်ရှိခဲ့ကြောင်း အသံအဖွဲ့၏ အချက်အလက်များအရ သိရသည်။
12 Mar 2025

DMG ၊ မတ် ၁၂
စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၂၀၃ ခု၌ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုအကြိမ် စုစုပေါင်း ၄၆၀ ဖြစ်ပွားခဲ့သည်ဟု ယနေ့ (မတ် ၁၂ ရက်)တွင် အသံအဖွဲ့က ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှ စ၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံတဝန်းတွင် ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်မှု ၂၃၉ ကြိမ်ရှိခဲ့ကြောင်း အသံအဖွဲ့၏ အချက်အလက်များအရ သိရသည်။
ယင်းအပြင် အင်တာနက်လိုင်း ပြတ်တောက်မှုမှာ ၁၅၆ ကြိမ်နှင့် အခြားဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှု ၄၆ ကြိမ် ရှိခဲ့သည်ဟု ဖော်ပြသည်။
စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားမှုကြောင့် ပြည်သူများမှာ အင်တာနက်၊ ဖုန်းလိုင်း နှင့် ဆက်စပ်သည့် လုပ်ငန်းများရပ်နားထားရသည့်အပြင် တိကျမှန်ကန်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိပိုင်ခွင့် ဆုံးရှုံးနေရသည်။
" ဖုန်းလိုင်းမရတော့ သတင်းရင်းမြစ်တွေနဲ့ အဆက်သွယ်ပြတ်တယ်။ အဲဒါကြောင့် သတင်းမရေးဘဲ နားနေရတယ်။ သတင်းမှန်တွေကို ပြည်သူတွေသိအောင် မချပြနိုင်တော့ စိတ်မကောင်းဖြစ်ရတယ် " ဟု ပြည်မဒေသမှ သတင်းထောက်အမျိုးသားတစ်ဦးက ပြောသည်။
နိုင်ငံတဝန်းတွင် ကြိုးမဲ့အင်တာနက် ဘရော့ဘန်းပြတ်တောက်မှု (wireless broadband) ၁၉ ကြိမ်ရှိခဲ့သည်ဟု အသံအဖွဲ့က ဆိုသည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးစသည့် တိုင်းနှင့် ပြည်နယ်များထဲမှ မြို့နယ်ပေါင်း ၈၂ ခုကို အင်တာနက်ဖြတ်တောက်မှု ပြုလုပ်ခဲ့ကြောင်း Myanmar Internet Project (MIP) ၏ အချက်အလက်များတွင် ဖော်ပြသည်။
နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်အမျိုးသမီး မနှင်းမိုးနွယ်က " ရွာနဲ့ မလှမ်းမဝေးတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်နေတယ်ကြားလို့ အိမ်ကို စိတ်ပူတယ်။ အိမ်ကလူတွေက ရွာမှာပဲ ရှိနေတုန်း။ လကုန်လို့ ပိုက်ဆံ ပို့ပေးဖို့အတွက်တောင် အဆက်သွယ်မရဘူး" ဟု ပြောသည်။
စစ်ကောင်စီ၏ ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ထားမှု လျော့ပါးစေရေးအတွက် ပြည်တွင်းအဖွဲ့ အစည်းများအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းကို မကြာခဏ တောင်းဆိုမှုများရှိသော်လည်း ထူးခြားမှု မရှိသေးပေ။
အင်တာနက်ပြတ်တောက်မှုများကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တွင်းရှိ အခက်အခဲ ဖြစ်နေသူများကို ကူညီပံ့ပိုးရန်လည်း အဆင်မပြေဖြစ်နေကြသည်ဟု ပြောဆိုကြသည်။
" အင်တာနက် ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး ပြည်သူတွေ စိတ်လုံခြုံမှု မရှိတဲ့ အရာတွေကို အများကြီး ခံစားရတယ်။ တစ်ယောက်နဲ့ တစ်ယောက် အဆက်သွယ်မရတော့ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေးတွေအတွက် ကူညီထောက်ပံ့ မပေးနိုင်တာတွေလည်း ရှိတယ် " ဟု နိုင်ငံခြားရောက် ရခိုင်ပြည်၊ ပေါက်တောမြို့ခံ ကိုဝင်းလှိုင်က ပြောသည်။
ပြီးခဲ့သည့်နှစ်၊ မေလကုန်ပိုင်း၌ ဒစ်ဂျစ်တယ်ထောက်လှမ်းမှုနှင့် အင်တာနက် ဆင်ဆာဖြတ်တောက်မှုကို တရုတ်ကုမ္ပဏီ နှစ်ခုထံမှ နည်းပညာအကူအညီဖြင့် စစ်ကောင်စီ စတင် အသက်သွင်းခဲ့ကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။