ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ဆဲဒေသက ဘဏ်လုပ်ငန်းလည်ပတ်မှု အခြေအနေ 

ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့ရှိ ပုဂ္ဂလိကဘဏ်များမှာ လျှပ်စစ်မီးမရခြင်း၊ အင်တာနက်ပြတ်တောက်ခြင်းနှင့် လုံခြုံရေးအခြေအနေများကြောင့် မတ်လအတွင်းမှစ၍ ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။ 

By Admin 03 Jun 2024

၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်က မြင်တွေ့ရသော စစ်တွေမြို့ရှိ ရိုးမဘဏ်။ 
၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်က မြင်တွေ့ရသော စစ်တွေမြို့ရှိ ရိုးမဘဏ်။ 

DMG ၊ ဇွန် ၃

ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ စသည့် မြို့နယ်များတွင် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂိလိကဘဏ်အချို့ကို ဖွင့်လှစ်ထားဆဲဖြစ်သော်လည်း ငွေထုတ်ယူရာတွင် ကန့်သတ်ချက်များစွာဖြင့် ထုတ်ယူနေကြရကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ စစ်ရေးတင်းမာနေသည့် သံတွဲမြို့နယ်တွင် စစ်ကောင်စီပိုင် မြန်မာ့စီပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှာ ဖွင့်လှစ်ထားဆဲဖြစ်ပြီး တစ်ပတ်လျှင် ငွေကျပ် ၅ သိန်းသာ ထုတ်ယူ၍ရကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။ 

“သံတွဲမြို့မှာက ဘဏ်တွေ ဖွင့်ထားဆဲပဲ။ ဒါပေမယ့် ငွေကတော့ ကိုယ်လိုသလောက် ထုတ်လို့မရဘူး။ စီးပွားရေးသမားတွေ၊ အဖွဲ့အစည်းနဲ့လုပ်ကိုင်သူတွေဆိုရင် မိုဘိုင်းငွေလွဲစနစ်ကို သုံးပြီးတော့ အေဂျင်ဆီတွေက တစ်ဆင့်ထုတ်ကြရတယ်” ဟု သူက ပြောသည်။ 

သံတွဲတိုက်ပွဲမှာ မြို့နှင့်နီးကပ်လာ၍ ငွေကြေးတတ်နိုင်သူများမှာ ရန်ကုန်နှင့် ဂွမြို့နယ်ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြပြီး မြို့အတွင်း၌ အခြေခံလူတန်းစား အများစုသာ ကျန်ရှိတော့ကြောင်း သိရသည်။ 

ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့ရှိ ပုဂ္ဂလိကဘဏ်များမှာ လျှပ်စစ်မီးမရခြင်း၊ အင်တာနက်ပြတ်တောက်ခြင်းနှင့် လုံခြုံရေးအခြေအနေများကြောင့် မတ်လအတွင်းမှစ၍ ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။ 

လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်တစ်ခုတည်းသာ ဖွင့်လှစ်ထားသော်လည်း အဆိုပါဘဏ်မှာ စစ်ကောင်စီ၏ ဌာနဆိုင်ရာအတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

“မြန်မာ့စီးပွားရေးဘဏ်မှာ ပြည်သူတွေ အသုံးပြုကြတာ မရှိကြဘူး။ အဲဒီဘဏ်ကို စစ်ကောင်စီက သူတို့ရဲ့ဌာနဆိုင်ရာတွေကို လစာပေးဖို့နဲ့ ရုံးပိုင်းဆိုင်ရာတွေ လည်ပတ်နိုင်ဖို့လောက်ပဲ ဖွင့်ထားတာဖြစ်တယ်” ဟု သူက ပြောသည်။ 

ယင်းအပြင် တောင်ကုတ်မြို့တွင် ဘဏ်များကို ဖွင့်လှစ်ထားသော်လည်း ငွေကြေးလည်ပတ်မှုမရှိသဖြင့် Online ငွေလွှဲငွေထုတ် အေဂျင်စီများကိုသာ အားကိုးနေရကြောင်း တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဓိကတော့ Wave Money၊ K-pay တို့လို Mobile banking တွေနဲ့ပဲ ထုတ်နေကြရတာ။ ငွေသားတွေရှားပါးလာလို့ ငွေထုတ်ခရာခိုင်နှုန်းတွေလည်း အရင်ထက် နှစ်ဆ၊ သုံးဆလောက် မြင့်တက်သွားတယ်” ဟု သူက ပြောသည်။ 

ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သော မြို့များတွင် မြန်မာ့စီးပွားရေးဘဏ် တစ်ခုတည်းသာ လည်ပတ်မှုအနည်းငယ်ရှိနေပြီး ပုဂ္ဂိလိကဘဏ်များအားလုံးမှာ ရပ်နားထားရသည့် အခြေအနေဖြစ်သည်။ 

တစ်ဖက်တွင် AA ထိန်းချုပ်ထားသည့် ပေါက်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲမြို့တို့တွင် ဘဏ်လုပ်ငန်းများ လည်ပတ်မှုရပ်တန့်နေကြောင်း သိရသည်။ 

လက်ရှိတွင် ရခိုင်ပြည်အတွင်း ငွေသားရှားပါးမှုဖြစ်ပေါ်နေပြီး စီးပွားရေးမှာ အကျဖက်သို့ ဦးတည်လာကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုမှုရှိနေကြသည်။