- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကူညီထောက်ပံ့ပေးမည်ဟုဆိုကာ ရန်ကုန်ရောက် စစ်ဘေးရှောင်များကို စစ်ကောင်စီ စာရင်းကောက်
DMG က မေးမြန်းချက်အရ ဇန်နဝါရီ ၂၀ ရက် ညအချိန်၌ တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ သင်္ကန်းကျွန်း၊ တာမွေစသည့် မြို့နယ်မှ ရပ်ကွက်များတွင် နေထိုင်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် တာဝန်ရှိသူများက နေအိမ်သို့လာရောက် စာရင်းကောက်ခံခဲ့ခြင်း ဖြစ်သည်။
22 Jan 2025
DMG ၊ ဇန်နဝါရီ ၂၂
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ရန်ကုန်ရောက် စစ်ဘေးရှောင်များကို စစ်ကောင်စီက လူသားချင်းစာနာမှု အကူညီထောက်ပံ့ပေးမည်ဟုဆိုကာ စာရင်းကောက်နေကြောင်း သိရသည်။
DMG က မေးမြန်းချက်အရ ဇန်နဝါရီ ၂၀ ရက် ညအချိန်၌ တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ သင်္ကန်းကျွန်း၊ တာမွေစသည့် မြို့နယ်မှ ရပ်ကွက်များတွင် နေထိုင်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် တာဝန်ရှိသူများက နေအိမ်သို့လာရောက် စာရင်းကောက်ခံခဲ့ခြင်း ဖြစ်သည်။
“မနေ့က ည ၇ နာရီကျော်လောက်ရှိမယ်။ အဲဒီမှာ စစ်ဘေးရှောင်စာရင်းကောက်တယ်ဆိုပြီး အိမ်ကနေလာပြီး စာရင်းယူသွားတာပါ” ဟု တောင်ဥက္ကလာပမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ယာယီနေရပ်စွန့်နေကြရသည့် ပြည်သူများအတွက်လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂၀ တွင် ကြေညာလိုက်ပြီးနောက် ယင်းသို့စာရင်း လာကောက်ခြင်းဖြစ်သည်။
ယင်းအပြင် လုံခြုံရေးအန္တရာယ် စိုးရိမ်ချက်ကြောင့် ရန်ကုန်မြို့၌ တိမ်းရှောင်နေကြသူများအနေဖြင့်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စစ်ဘေးရှောင်စာရင်းသွင်းကြရန် ကြေညာထားကြောင်း သိရသည်။
ဘုန်းတော်ကြီးကျောင်းအပြင် အငှားဆောင်/အိမ်ခန်းများ၌ နေထိုင်သူများအနေဖြင့်လည်း မည်သူမဆို လာရောက်စာရင်း သွင်းရမည်လည်းဖြစ်သည်။
သင်္ကန်းကျွန်းမြို့နယ်တွင် နေထိုင်နေသူ အမျိုးသားတစ်ဦးက “ လုံခြုံရေးစိုးရိမ်ချက်နဲ့ ပြောင်းလာတဲ့ အစိုးရဝန်ထမ်းတွေကို အိမ်ထောင်စု စာရင်း၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ လူမျိုးကအစ စာရင်းလိုက်ကောက်နေတာရှိတယ်။ ရခိုင်၊ ဗမာ လို့မဟုတ်ဘူး။ စစ်ရှောင်ဆိုရင် အကုန်လုံးကို စာရင်းကောက်နေတာပါ ” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးရန်စီစဉ်နေခြင်းမှာ ကောင်းမွန်သော်လည်း အဆိုပါ လူဦးရေစာရင်းများနှင့်အတူ စစ်မှုထမ်းခေါ်သွားမည်ကို စိုးရိမ်စရာဖြစ်နေရကြောင်း ပြောဆိုမှုများလည်း ရှိသည်။
“အရင်တခေါက်တုန်းကလည်း စစ်မှုထမ်းလျှောက်လွှာတွေ ဖြည့်ခိုင်းတာတွေရှိခဲ့ပါတယ်။ ရန်ကုန်ရောက်နေတဲ့ စစ်ဘေးရှောင် ဘယ်သူမဆို ဖမ်းဆီးစစ်ဆေးတာတွေလည်းရှိနေတော့ အခုလို စာရင်းကောက်တဲ့အပေါ်မှာတော့ မယုံသင်္ကာဖြစ်မိတယ်။ ပြီးတော့ ကိုယ့်အတွက်လည်း လုံခြုံရေး စိုးရိမ်မိပါတယ် ” ဟု ရန်ကုန်ရောက် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရောက် စစ်ဘေးရှောင်အချို့ကို စစ်ကောင်စီက ပေါ်တာဆွဲဖမ်းယူခြင်း၊ ငွေညှစ်ခြင်း၊ ဖမ်းဆီး ခြင်းများလည်း မကြာခဏရှိနေသဖြင့် စိတ်ပိုင်းဆိုင် ရာ/ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသည့်အပြင် အလုပ်အကိုင်ရှားပါးခြင်းနှင့် ရင်ဆိုင်နေရသည်။
ထို့အတူ ရန်ကုန်မှာ ယာယီနေထိုင်နေသည့် ၁၁ / (ရခိုင်) မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ရပ်ကွက်ရုံးများက အထူးတင်းကျပ်စစ်ဆေးနေခြင်း၊ ဧည့်စာရင်းထုတ်ပေးရန် ငြင်းဆိုခြင်းများအပြင် လူငယ်များမှာလည်း စစ်မှုထမ်းလျှောက်လွှာ အတင်းအကျပ် ဖြည့်ခိုင်းခြင်းများလည်းရှိနေကြောင်း ရခိုင်စစ်ဘေးရှောင်များက ပြောသည်။
ပြည်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဒေသခံများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီ၊ အခြားမြို့များနှင့် ပြည်ပ နိုင်ငံများ၌ စစ်ဘေးရှောင်နေကြသည်။