ရှုပ်ထွေးလာတဲ့ ရခိုင်အရေးနဲ့ ပြည်ထောင်စုရဲ့အနာဂတ်
ဆင်းရဲမွဲတေမှုနဲ့ နိုင်ငံရေးအရ ဘာမျှော်လင့်စရာမှမရှိတောတဲ့ ရခိုင်လူထုအတွက် တစ်ချိန်က ကမ္ဘာ့ကုန် သွယ်ရေးနိုင်ငံ၊ နိုင်ငံတစ်ကာနဲ့ ရင်ပေါင်တန်းနိုင်ခဲ့တဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ရခိုင့်ဘုရင့်နိုင်ငံတော်ဟာ လက်ရှိကာလမှာ ဆင်းရဲမွဲတေမှုကြားထဲက ရခိုင်လူမျိုးတွေအတွက် ပြန်လည်တမ်းတစရာတစ်ခုဖြစ်သလို အနာဂတ်မျှော်လင့်ချက်မဲ့နေသူတွေအတွက် ဒီမိုကရေစီအနံ့အသက်ကြားထဲက မက်လောက်စရာ အနာဂတ်ဆိုတာ မြင်ကြည့်လို့မရနိုင်တော့တဲ့ အခြေအနေဖြစ်တယ်လို့ပြောရင် မှားစရာအကြောင်း မရှိလောက်ပါဘူး။
10 Jul 2020
မင်းထီး ရေးသားသည်။
ရခိုင်ပြည်နယ်ရဲ့ အခြေအနေကိုကြည့်မယ်ဆိုရင် ဘယ်ဘက်ကပဲကြည့်ကြည့် ပဋိပက္ခများစွာနဲ့ ဆင်းရဲမွဲတေမှုတွေကိုသာ တောက်လျှောက်မြင်တွေ့ရမှာဖြစ်တယ်။ ၂၀၁၀ နောက်ပိုင်း ရခိုင်ပြည်သူလူထုတွေရဲ့ ဘဝလုံခြုံမှုတွေ ပျောက်ဆုံးခဲ့ပြီး ဆင်းရဲမွဲတေမှုက မြန်မာနိုင်ငံရဲ့ထိပ်ဆုံးကို အချိန်တိုအတွင်း ရောက်ရှိသွားခဲ့ပါတယ်။
နိုင်ငံရပ်ခြားကိုအလုပ်သွားလုပ်နေရတဲ့ နေရပ်စွန့်ခွာနေကြတဲ့ ရခိုင်လူငယ်တွေများပြားလာခြင်း၊ ရခိုင်ပြည်ကနေ နေရပ်စွန့်ခွာနေကြရခြင်းကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်ရဲ့စီးပွားရေးနဲ့ အလုပ်အကိုင် အခြေ အနေကို မီးမောင်းထိုးပြနေခြင်း ဖြစ်ပါတယ်။ မူဆလင်ပဋိပက္ခနဲ့အတူ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားခြင်းနဲ့ ဖိအားတွေကိုရင်ဆိုင်နေရပြီး ၂၀၁၂ နောက်ပိုင်း ရခိုင်လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်း လုံခြုံမှုကို စက္ကန့်တိုင်းမှာ ခြိမ်းခြောက်ခံနေရတယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။
ဇူလိုင်နှစ်ရက်နေ့က ဖားကန့်မြေစာပုံပြိုကျပြီး အသက်ဆုံးရှုံးရသူ တစ်ရာကျော်အနက် ထက်ဝက်ဟာ ရခိုင်တွေဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် ရခိုင်တွေဘယ်လောက်ထိ နေရပ်စွန့်ခွာမှု များနေပြီလဲဆိုတာ သိသာပါတယ်။
ထိုင်းနိုင်ငံ၊ မလေးရှား၊ တရုတ်၊ ရန်ကုန်၊ ဖားကန့် စတဲ့နေရာအများစုမှာ ရခိုင်လူမျိုးအများစု ရောက်ရှိနေခြင်းဟာ ရခိုင်ပြည်ရဲ့စီးပွားရေး၊ အလုပ်အကိုင်ကို မီးမောင်းထိုးပြနေခြင်း ဖြစ်ပါတယ်။ ၂၀၀၈ ခြေဥနဲ့ အတူ ဒီမိုကရေစီရဲ့ အနံ့အသက်ကလေးတွေ တစ်ခြားပြည်နယ်တွေမှာ ကျရောက်ပေမယ့် ရခိုင်ပြည်မှာတော့ ဒီမိုကရေစီဟာ အဆိပ်အတောက်တစ်ခုလို ရခိုင်လူထုအတွက် ဖြစ်နေစေပါတယ်။
အခုဆိုရင် နောက်ထပ်ရွေးကောက်ပွဲတစ်ခုဖြစ်လာဖို့ နီးကပ်လာတဲ့ကာလလည်း ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ၊ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်လူထုအများစု ထောက်ခံပေးလိုက်သူတွေ အစိုးရဖွဲ့ခွင့်မရခဲ့သလို ၂၀၁၈ နောက်ပိုင်းပြည်ထောင်စုအဆင့် ရွေးကောက်ခံအမတ်တွေရဲ့ လွှတ်တော် နိုင်ငံရေးပါ သေဆုံးခဲ့ပါတယ်။
ဒါကြောင့် ရခိုင်တွေရဲ့ရွေးချယ်စရာ နိုင်ငံရေးလမ်းကြောင်း ပျောက်ဆုံးခဲ့တယ်လို့ကို ပြောရပါမယ်။ ပါတီ နိုင်ငံရေးနဲ့ ဒီမိုကရေစီဆိုတာဟာ ရခိုင်လူထု မယုံကြည်ဆုံးထဲက တစ်ခုဖြစ်လာတာကို တွေ့ရပါတယ်။ လက်ရှိကာလ ၂၀၁၈ ကနေ ၂၀၂၀ နှစ်ဝက်ထိ ရခိုင်ပြည်စစ်ပွဲကြောင့် သေဆုံးရသူတွေ၊ ခြေပြတ်လက်ပြတ် ဘဝပျက်ရသူတွေ အများကြီးရှိနေပါတယ်။
နေရပ်စွန့်ခွာနေရသူပေါင်း နှစ်သိန်းနားကို နီးကပ်လာသည်အထိ ရခိုင်ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရဘက်က ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ နေရပ်စွန့်ခွာသူများ ပြန်လည်ထူထောင်ရေးစတဲ့ အစိုးရဘက်ကနေ တာဝန်ယူပေးရမယ့်ကိစ္စတွေ အားလုံးပျက်ကွက်နေတာဟာ ၂၀၁၅ ကနေ ၂၀၂၀ အထိ အစိုးရသက်တမ်းတစ်ခု ဒီနေ့ထိပါဘဲ။
ရခိုင်လူထုဟာ ယနေ့ထိ ငြိမ်းချမ်းရေးရောင်နီကို မမြင်ရသေးသလို ရှေ့ဆက်ရမယ့်အနာဂတ်ဟာလည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းတစ်ခုအတွက် အဆိုးဆုံးအခြေအနေမှာ ရပ်တည်နေရသလို လူငယ်နဲ့ အမျိုးသမီးတွေအတွက် ရွေးချယ်စရာ ဆုံးရှုံးနေဆဲဖြစ်တယ်။
အရင်အစိုးရလက်ထက်ကိုပဲကြည့်ကြည့်၊ လက်ရှိအစိုးရလက်ထက်ကိုပဲကြည့်ကြည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေ မရှိဘူးဆိုတာ သိသာပါတယ်။ နောက်တစ်ခုက ရခိုင် ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုကိုပြောကြရင် ၂၀၁၂ မှ စတင်ဖြစ်ပွားခဲ့တဲ့ မွတ်ဆလင်ပဋိပက္ခကို မီးမောင်းထိုး ပြောဆိုကြတာ တွေ့ရပေမယ့် ကျနော့်အနေနဲ့တော့ ရာနှုန်းပြည့်လက်မခံပါဘူး။
ရခိုင်ပြည်နယ်ဟာ ပထဝီအခြေခံအားဖြင့် ပင်လယ်ထွက်ပေါက်ကို ပိုင်ဆိုင်ထားသည့်အပြင် ရေသယံဇာတများ၊ ဂက်စ်ကဲ့သို့သော သယံဇာတများကိုပင် ပိုင်ဆိုင်ထားသည့်အပြင် ရခိုင်ပြည်သူလူထု သိန်းသုံးဆယ် စားသောက်နိုင်လောက်တဲ့ ဆန်စပါးတွေ ထွက်ရှိနိုင်တဲ့ နေရာလည်းရှိပါတယ်။
သို့သော်လည်း ပထဝီအနေအထားအရ အလွန်ခက်ခဲတဲ့ ချင်းပြည်နယ်ထက် ပိုပိုဆင်းရဲခြင်းဟာ အစိုးရအဆက်ဆက်ရဲ့ စီမံချက်ညံ့ဖျင်းမှုကြောင့်နဲ့ တန်းတူအခွင့်အရေးကနေ ပစ်ပယ်ခံရခြင်းကြောင့်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။
ဆင်းရဲမွဲတေမှုနဲ့ နိုင်ငံရေးအရ ဘာမျှော်လင့်စရာမှမရှိတောတဲ့ ရခိုင်လူထုအတွက် တစ်ချိန်က ကမ္ဘာ့ကုန် သွယ်ရေးနိုင်ငံ၊ နိုင်ငံတစ်ကာနဲ့ ရင်ပေါင်တန်းနိုင်ခဲ့တဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ရခိုင့်ဘုရင့်နိုင်ငံတော်ဟာ လက်ရှိကာလမှာ ဆင်းရဲမွဲတေမှုကြားထဲက ရခိုင်လူမျိုးတွေအတွက် ပြန်လည်တမ်းတစရာတစ်ခုဖြစ်သလို အနာဂတ်မျှော်လင့်ချက်မဲ့နေသူတွေအတွက် ဒီမိုကရေစီအနံ့အသက်ကြားထဲက မက်လောက်စရာ အနာဂတ်ဆိုတာ မြင်ကြည့်လို့မရနိုင်တော့တဲ့ အခြေအနေဖြစ်တယ်လို့ပြောရင် မှားစရာအကြောင်း မရှိလောက်ပါဘူး။
ဆင်းရဲနေရခြင်းကလည်း ရခိုင်လူထုအဖို့ အနာဂတ်အတွက် အားကိုးရွေးချယ်စရာ မရှိလောက်တဲ့အထိ အခြေအနေတွေကြားက ပြည်ထောင်စုဆိုတဲ့အနှစ်သာရဟာ ရခိုင်လူမျိုးတွေအတွက် မက်မောစရာ ဖြစ်မနေဘဲ ခါးသီးစရာ၊ မုန်းတီးစရာတစ်ခုလို ခံစားလာနေကြခြင်းဟာ နိုင်ငံရေးအရ ပစ်ပယ်ခံထားရမှုကြောင့်ဆိုတာ အုပ်ချုပ်သူအစိုးရတွေအနေနဲ့ မဖြစ်မနေ ပြန်လည်ကုစားရမယ့် အနေအထားဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွက်ရော၊ ပြည်ထောင်စုအတွက်ပါ အလွန်ကောင်းမွန်တဲ့ ပင်လယ်ဆိပ်ကမ်းနဲ့ လူဦးရေအားဖြင့် အလွန်ထူထပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ လူဦးရေ အလွန်ထူထပ်များပြားတဲ့ ဈေးကွက်ကြီးကို ပိုင်ဆိုင်ထားပါရက်နဲ့ ဆင်းရဲနေရခြင်းဟာ ခေတ်အဆက်ဆက် ပစ်ပယ်ခြင်းကို ခံထားခြင်းကြောင့်ဖြစ်တယ်ဆိုတာ ဘယ်လိုမှငြင်းလို့ရနိုင်တဲ့ အနေအထား မဟုတ်ပါဘူး။
စစ်တပ်က နိုင်ငံကိုအုပ်ချုပ်တဲ့ အာဏာရှင်စနစ်ကိုကျော်လွန်ပြီး လူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရခေတ်ကို ရောက်လာပြန်တော့လည်း ဗဟိုအစိုးရတစ်ခုတည်းကသာ ချုပ်ကိုင်ပြီး အာဏာအားလုံးကို လူတစ်စုက ချယ်လှယ်အုပ်ချုပ်ဖို့နဲ့ နိုင်ငံရေးမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကို များစွာထည့်သွင်းထားခြင်းနဲ့အတူ တိုင်းရင်းသားပြည်နယ်တွေရဲ့ နိုင်ငံရေးအရယုံကြည်မှု၊ မတူကွဲပြားမှုနဲ့ ပြည်နယ်တွေရဲ့သယံဇာတ၊ နိုင်ငံရေးအရရပိုင်ခွင့်၊ ခွဲဝေသုံးစွဲပိုင်ခွင့်၊ ပြည်နယ်များ၏ စီမံခန့်ခွဲပိုင်ခွင့်တွေ ပျောက်ဆုံးနေတဲ့ ၂၀၀၈ ခြေဥ ဟာလည်း မြန်မာနိုင်ငံရဲ့မတူကွဲပြားမှုပဋိပက္ခ၊ နိုင်ငံရေးအရယုံကြည်မှုကို တည်ဆောက်ဖို့ထက် နိုင်ငံရဲ့ လူဦးရေအများဆုံး လူမျိုးကသာ ချုပ်ကိုင်ချယ်လှယ်ဖို့ ရေးဆွဲထားတယ်ဆိုတာ လူတိုင်းအသိဖြစ်ပါတယ်။
၂၀၀၈ ခြေဥဟာ ပြည်နယ်နေလူမျိုး တိုင်းရင်းသားများရဲ့ နိုင်ငံရေးယုံကြည်ချက်ကိုပါ မြောင်းထဲဆွဲချနေတယ်လို့ ပြောရပါမယ်။ ၂၀၀၈ ခြေဥကို ပြင်ဆင်ဖို့ကြွေးကြော်သံနဲ့ လူထုအားကိုးယုံကြည်မှုကို အမြင့်ဆုံးရယူထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း ငါးနှစ်တာကာလ အစိုးရသက်တမ်းတစ်လျှောက် ခြေဥ ပြင်ဆင်ဖို့ ကြိုးစားမှုရလဒ်အရ “မသန်မစွမ်း” စကားလုံးတစ်လုံးကို “မသန်စွမ်း”ဟုသာ ပြင်နိုင်သည်ကို တွေ့ရပြီး တစ်ခြားဘာမှ လုပ်နိုင်ခဲ့တာ၊ ပြင်ဆင်နိုင်ခဲ့တာ၊ ပြောင်းလဲနိုင်ခဲ့တာမရှိဘူးလို့ ပြောလို့ရတဲ့အနေ အထားဖြစ်ပါတယ်။
ပင်လုံကနေတစ်ဆင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖက်ဒရယ်အရေးကိုသွားဖို့ လမ်းကြောင်းတစ်ခုကို မြင်တွေ့ခဲ့ရပေမယ့် “၂၁ ပင်လုံ” ကနေ ရရှိတဲ့သဘောတူညီချက် ငါးဆယ့်တစ်ချက်ကို NLD အစိုးရကိုယ်တိုင် ကြိုက်ပုံမရပါဘူး။
အခုအစိုးရသက်တမ်း နောက်ဆုံးကာလ ရွေးကောက်ပွဲမတိုင်မီ ပင်လုံကိုဆက်လက်ကျင်းပဖို့ အစိုးရဖက်က ပြောဆိုနေပေမယ့် တက်ရောက်သူဦးရေကို လျှော့ချဖို့ပြောထားတာ တွေ့ရပါတယ်။ တတိယပင်လုံအထိ ရရှိခဲ့တဲ့ သဘောတူညီချက်တွေအားလုံးဟာ စာအုပ်ထဲမှာသာရှိနေပြီး နိုင်ငံရေးထဲကို ဝင်ရောက်နေရာယူလာတာ မတွေ့ရပါဘူး။ တတိယပင်လုံအထိ ဗဟိုအစိုးရနဲ့ တပ်မတော်က ဒီမိုကရေစီဖက်ဒရယ် နာမည်သုံးစွဲ တာတွေ့ရပြီး တိုင်ရင်းသားခေါင်းဆောင်အားလုံးက ဖက်ဒရယ်ဒီမိုကရေစီလို့ သုံးစွဲတာတွေ့ရပါတယ်။
ဒီတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ့် ၂၁ ရာစု ပင်လုံအိမ်မက်နဲ့ ဒီနိုင်ငံရဲ့တန်းတူရေးဟာလည်း နာတာရှည်ရောဂါသည်ကို လေဖြတ်ထားသလိုလို ဆန့်တငင်ငင်နဲ့ မလူးသာ မလွန့်သာ အခြေအနေနဲ့ ရှေ့ဆက်နေတာတွေ့ရပါတယ်။
တစ်ဖက်မှာလည်း ရခိုင်ပြဿနာဟာ ပြည်ထောင်စုအရေးလည်းဖြစ်သလို ကမ္ဘာ့အရေးလည်းဖြစ်တယ်ဆိုတာ ပိုပြီးထင်ရှားလာတာကို တွေ့ရပါတယ်။ နိုင်ငံရေးပဋိပက္ခကို နိုင်ငံရေးအရ ပြေလည်အောင်ဖြေရှင်းဖို့ ဗဟိုအစိုးရရဲ့ ကြိုးစားမှုကိုမတွေ့ရဘဲ တပ်မတော်ကို စစ်ရေးနဲ့ဖြေရှင်းဖို့ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် အမိန့်ပေးခြင်းဟာ ပဋိပက္ခနဲ့ ရှုပ်ထွေးမှုကိုသာ ဖြစ်ပေါ်စေမယ်ဆိုတာ လေ့လာသူတိုင်းအသိဖြစ်ပါတယ်။
မြန်မာ့လွပ်လပ်ရေးနဲ့အတူဖြစ်ပေါ်လာတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟာ တိုင်းရင်းသားတွေလိုလားတဲ့ ကိုယ်ပိုင်ဋ္ဌာန်းခွင့်၊ တန်းတူရေး ၊ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်တွေအတွက် ဖြစ်တယ်ဆိုတာကို လက်မခံနိုင်တဲ့ ပြည်ထောင်စုအစိုးရ အဆက်ဆက်ရဲ့ အာဏာအားလုံးကို ပြည်ထောင်စုကသာ ချုပ်ကိုင်ချယ်လှယ်ချင်တဲ့ မဟာဝါဒီသမားတွေရဲ့ နိုင်ငံရေးအတ္တကြောင့် မြန်မာ့ငြိမ်းချမ်းရေးဟာ လမ်းပျောက်နေဆဲ၊ တန်းတူရေးဟာ ဝေးကွာနေဆဲပါဘဲ။ စစ်ပွဲတွေကြောင့် တိုင်ရင်းသားတွေ စစ်ဘေးဒုက္ခသည်တွေဖြစ်နေဆဲ၊ ကျေးရွာတွေ ပြာပုံဘဝကို ကျရောက်နေဆဲ ဖြစ်နေဦးမှာဖြစ်ပါတယ်။
လက်ရှိကာလမှာ ရခိုင်လူထုဟာ ဆင်းရဲမွဲတေမှု အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေကြောင့် နေရပ်စွန့်ခွာသူတွေ များပြားခြင်း၊ ဒေသတွင်းပဋိပက္ခများကြောင့် အသက်အိုးအိမ် လုံခြုံမှုကင်းမဲ့ခြင်း၊ အားကိုးလောက်သည့် အစိုးရမရှိခြင်းများကို ခံစားနေကြရတယ်။ အနီးဆုံးမှာ ပြည်ထောင်စုအစိုးရကို သစ္စာခံရသည့် ပြည်နယ်အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွက် အားကိုးလောက်သည့် အစိုးရတစ်ရပ်မဟုတ်လို ရခိုင်လူမျိုးများ ကျနေရာက်နေတဲ့ အခက်အခဲစိန်ခေါ်မှုတွေ အားလုံးကလည်း ရခိုင်ပြည်နယ်အစိုးရနဲ့ သက်ဆိုင်တယ်လို့တောင် ထင်ပုံမရပါဘူး။ ဒါကြောင့်လည်း ရခိုင်ပြည်သူ အများစုအတွက် နိုင်ငံရေး၊ စီးပွားရေး ထွက်ပေါက်ဟာ ပျောက်ဆုံးနေဆဲဖြစ်သလို ပါတီနိုင်ငံရေးနဲ့ ပြည်ထောင်စုဆိုတာလည်း ရခိုင်လူထု အတွက်တော့ အားကိုးရလောက်တဲ့ အခြေအနေထိ ရခိုင်လူမျိုးတွေ မယုံကြည်ကြတော့ပါဘူး။
ဒါကြောင့် ပြည်ထောင်စုနိုင်ငံတော်အတွက် ရခိုင်ပြည်ဟာ အကဲဆတ်တဲ့အခြေအနေကို မရောက်ခင်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းပြီး ရခိုင်ပြည်သူလူထုရဲ့ အားကိုလောက်သည့် စေတနာတွေနဲ့ ဖြေရှင်းနိုင်တဲ့ အစိုးရတစ်ရပ် ရှိလာမှသာ ပြည်ထောင်စုထဲက အေးချမ်းတဲ့ရခိုင်ပြည် ဖြစ်လာနိုင်ပါလိမ့်မယ်လို့ သုံးသပ်မိပါတယ်။
မင်းထီး