အမေရိကန်သမ္မတကတော် ယူကရိန်းသို့ ရှောင်တခင် သွားရောက်

အမေရိကန်သမ္မတကတော် ဂျီလ်ဘိုင်ဒန်သည် မေလ ၈ ရက်နေ့တွင် ယူကရိန်းနိုင်ငံသို့ ရှောင်တခင် သွားရောက်လည်ပတ်ခဲ့ပြီး ယူကရိန်းသမ္မတကတော် အိုလေနာဇီလင်စကာနှင့် တွေ့ဆုံခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

10 May 2022

ဓာတ်ပုံ - AFP

DMG ၊ မေ ၁၀

အမေရိကန်သမ္မတကတော် ဂျီလ်ဘိုင်ဒန်သည် မေလ ၈ ရက်နေ့တွင် ယူကရိန်းနိုင်ငံသို့ ရှောင်တခင် သွားရောက်လည်ပတ်ခဲ့ပြီး ယူကရိန်းသမ္မတကတော် အိုလေနာဇီလင်စကာနှင့် တွေ့ဆုံခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတကတော်နှစ်ဦးသည် စစ်ဘေးရှောင်များ တိမ်းရှောင်နေသည့် စာသင်ကျောင်းတစ်ခုတွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်မက မိခင်များနေ့မှာ သွားချင်လို့လေ။ ဒီစစ်ပွဲကို ရပ်တန့်ဖို့လိုတယ်၊ ဒီစစ်ပွဲဟာ ရက်စက်ကြမ်းကြုတ်တယ်၊ ပြီးတော့ အမေရိကန်ပြည်သူလူထုဟာ ယူကရိန်းပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတယ် ဆိုတာကို ယူကရိန်းလူထုကို ပြသဖို့ အရေးကြီးတယ်လို့ ကျွန်မယူဆပါတယ်” ဟု ဂျီလ်ဘိုင်ဒန်က သတင်းထောက်များအား ပြောကြားသည်။

သူမသည် ရိုမေးနီးယားနိုင်ငံအပါအဝင် ဒေသတွင်းခရီးစဉ်တစ်ခု အတွင်း ဆလိုဗားကီးယားနိုင်ငံမှ တစ်ဆင့် ယူကရိန်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

သမ္မတကတော်၏ ခရီးစဉ်တွင် လိုက်ပါလျက်ရှိသည့် အရာရှိတစ်ဦး၏ ပြောကြားချက်အရ ယူကရိန်းသမ္မတကတော် ဇီလင်စကာသည်လည်း ရုရှားကျူးကျော်စစ် စတင်ခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နောက်ပိုင်းတွင် ပထမဆုံးအဖြစ် တနင်္ဂနွေနေ့က လူမြင်ကွင်းတွင် မြင်တွေ့ခဲ့ရခြင်း ဟုဆိုသည်။

ဂျီလ်ဘိုင်ဒန် အလည်အပတ် လာရောက်ခြင်းနှင့် ပတ်သက်၍ ဇီလင်စကာက ယခုကဲ့သို့ ရဲဝံ့သည့် လုပ်ရပ်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

“အမေရိကန်သမ္မတကတော်တစ်ဦးအနေနဲ့ အခုလိုမျိုး စစ်ပွဲကာလ နေ့စဉ် တိုက်ပွဲတွေရှိနေချိန်မှာ ဒီကိုလာဖို့ဆိုတာ ဘယ်လောက်ထိ အရဲစွန့်ရမလဲဆိုတာ ကျွန်မတို့ နားလည်ပါတယ်” ဟုလည်း သူမက ပြောကြားသည်။

ယူကရိန်းသို့ ရှောင်တခင်ခရီးစဉ်အပြီးတွင် ဂျီလ်ဘိုင်ဒန်သည်  ဆလိုဗားကီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းတွင် ဖော်ပြသည်။