အိန္ဒိယမှာ မြစ်ကူးတံတားပြိုကျ၍ အနည်းဆုံး ၁၂၀ သေဆုံး
အိန္ဒိယနိုင်ငံတွင် အောက်တိုဘာလ ၃၀ ရက်နေ့ညဉ့်က ခြေကျင်တံတားတစ်စင်း ပြိုကျရာမှ လူအနည်းဆုံး ၁၂၀ ဦးအထိ သေဆုံးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။
31 Oct 2022

ဓာတ်ပုံ - AFP
DMG ၊ အောက်တိုဘာ ၃၁
အိန္ဒိယနိုင်ငံတွင် အောက်တိုဘာလ ၃၀ ရက်နေ့ညဉ့်က ခြေကျင်တံတားတစ်စင်း ပြိုကျရာမှ လူအနည်းဆုံး ၁၂၀ ဦးအထိ သေဆုံးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။
နိုင်ငံအနောက်ပိုင်း မော်ဘီခရိုင်တွင်ရှိသော အဆိုပါကြိုးတံတားပေါ်နှင့် တံတားအနီးတစ်ဝိုက်တွင် လူ ၅၀၀ ခန့် ပါဝင်သည့် ဒီပါဝလီပွဲတော် ကျင်းပနေချိန်၌ ယခုကဲ့သို့ တံတားပြိုကျခဲ့ခြင်းဖြစ်သည်။
ကိုလိုနီခေတ်တည်းက တည်ဆောက်ထားသည့် အဆိုပါ မြစ်ကူးတံတား ပြိုကျပြီးနောက် တံတားပေါ်ရှိနေသူ အများအပြားသည် မြစ်ထဲသို့ ပြုတ်ကျခဲ့ကာ အချို့မှာလည်း တံတားပေါ်တွင် လက်လှမ်းမီးရာကို ချိတ်ဆွဲကာ ကျန်ရှိနေခဲ့ကြသည်။
“လက်ရှိအချိန်အထိတော့ အလောင်း ၁၂၀ ရထားပါတယ်။ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲဆိုတော့ သေဆုံးသူအရေအတွက် ထပ်တိုးလာဦးမယ်လို့ ယူဆရပါတယ်”ဟု မော်ဘီရဲမှူး ပီဒီကာဗာဒီယာက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
လက်ရှိ ကယ်ဆယ်ထားသူ ၁၃၀ ခန့်ရှိသည်ဟုလည်း သူက ပြောကြားသည်။
တာဝန်ရှိသူများသည် တနင်္ဂနွေနေ့ ညဉ့်ပိုင်းအထိ အသက်ကယ်လှေများဖြင့် မြစ်တွင်း၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ပြိုကျခဲ့သော တံတားသည် ပြုပြင်ရေးလုပ်ငန်းများ လပေါင်းများစွာကြာအောင် ဆောင်ရွက်နေခဲ့ကာ ပြီးခဲ့သော သုံးလေးရက်ခန့်ကမှ ပြန်လည်သွားလာခွင့် ပြုခဲ့သည့်တံတားဖြစ်သည်။ တစ်မီတာခွဲကျယ်ပြီး ၂၃၃ မီတာရှည်လျားသည့် အဆိုပါတံတားကို ဗြိတိသျှတို့ အုပ်ချုပ်စဉ် ၁၈၈၀ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။