ပြင်သစ်၏အရှုံးသည် တရုတ်အတွက် အင်ဒို-ပစိဖိတ်အောင်ပွဲ မဟုတ်

ပြင်သစ်သည် ထိုင်ဝမ်သို့ နည်းပညာရှင်များ စေလွှတ်ထားကြောင်း ပြီးခဲ့သောနှစ် မေလက သတင်းထွက်ပေါ်ခဲ့ချိန်၌လည်း တရုတ်သည် “တရုတ်-ပြင်သစ် ဆက်ဆံရေးကို မထိခိုက်စေရန်” ပြင်းထန်သော အသိပေးချက်တစ်ရပ် ပြင်သစ်ထံသို့ ပေးပို့ခဲ့သည်။ ပြင်သစ်ဘက်ကလည်း တရုတ်အနေဖြင့် ကိုဗစ်ကပ်ဘေး တိုက်ဖျက်ရေးကိုသာ အာရုံစိုက်သင့်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

By စောသန္တာအေး 02 Oct 2021

တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည့် တရုတ်ရေတပ်။ (ရုပ်ပုံ - Agencies)

စောသန္တာအေး ဘာသာပြန်ဆိုပါသည်။

ဝါရှင်တန်နှင့် လန်ဒန်တို့က သြစတြေးလျနှင့် နျူကလီးယားရေငုပ်သင်္ဘော သဘောတူညီချက်ကို ရုတ်ချည်း အကောင်အထည်ဖော်လိုက်သည့်အတွက် အမေရိကန်-ဥရောပသမဂ္ဂ ဆက်ဆံရေး အက်ကြောင်းထင်လာသည်ကို တရုတ်အစိုးရပိုင်မီဒီယာက မဆိုင်းမတွပင် အလေးပေးဖော်ပြခဲ့သည်။

ပထမဆုံး စတင်ဖော်ပြချက်မှာ စက်တင်ဘာလ ၁၈ ရက်နေ့က သဘောထားအမြင်ကဏ္ဍတွင် ဖြစ်သည်။ အဆိုပါဖော်ပြချက်၌ အသစ်ဖွဲ့စည်းလိုက်သော သုံးနိုင်ငံလုံခြုံရေး သဘောတူညီချက် အောကက်စ် (AUKUS) သည် “Quad အဖွဲ့ဝင်များဖြစ်သော ဂျပန်နှင့် အိန္ဒိယတို့အတွက် စိတ်ဓာတ်ရေးရာ အလဲထိုးမှုတစ်ရပ်” ဟု ဖော်ပြသည်။ တရုတ်ကို တန်ပြန်ထိန်းညှိရေးအတွက် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျ လေးနိုင်ငံပူးပေါင်း ဖွဲ့စည်းထားသည့် လုံခြုံရေးမဟာမိတ်အဖွဲ့ ‘Quad’ ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်ကို ထင်ဟပ်သူတစ်ဦးက သဘောထားအမြင်ကဏ္ဍတွင် အောက်ပါအတိုင်း ထပ်ရေးသည်။

“အတ္တလန်တိတ် အပြန်အလှန်မဟာမိတ် ဆက်ဆံရေးကို အများဆုံး ထိခိုက်ပျက်စီးစေခဲ့သည်မှာ ယခင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဖြစ်ပြီး ထိုအပျက်အစီးများကို သမ္မတဘိုင်ဒန်က ပြန်လည်ကုစားပေးမည်ဟု အများက ယူဆခဲ့ကြသည်။ သို့သော် ဘိုင်ဒန်ကား မီးလောင်ရာလေပင့်သာ လုပ်ပြီး မဟာမိတ်များကို သစ္စာဖောက်ကာ ပျက်စီးရင်းစွဲ ဆက်ဆံရေးကို ထပ်မံဖျက်ဆီးလိုက်ပြန်ပြီ။”

နောက် ဆောင်းပါးရှင်တစ်ဦးကလည်း “ကင်ဘာရာသည်… အာဆီယံကို အမေရိကန်၊ သြစတြေးလျတို့နှင့်အတူ ပူးပေါင်းပြီး တရုတ်ကို ဆန့်ကျင်ရန် အကျပ်ကိုင်လိမ့်မည်” ဟု ရေးသည်။

မလေးရှားသည် အောကက်စ်သဘောတူညီချက်ကို “ပြင်းပြင်းထန်ထန် တုံ့ပြန်” ခဲ့ကြောင်း သူက ရေးထားသည်။ အိန္ဒိယနိုင်ငံသည်လည်း သတိထားရန် လိုအပ်ကြောင်းကို အဆိုပါစာရေးသူက “အမေရိကန်သည် ၎င်းတို့ကိုလည်း သစ္စာဖောက်ခြင်း သို့မဟုတ် စွန့်ပစ်ခြင်းမျိုး ပြုလုပ်နိုင်သည်” ဟု ပြောဆိုသည်။

သေချာသည့် အချက်တစ်ခုမှာ လတ်တလော အင်ဒို-ပစိဖိတ်ဒေသ အပြောင်းအလဲများသည် အမေရိကန်နှင့် ပြင်သစ်အကြားတွင် ကြီးမားသော ပဋိပက္ခ ပေါ်ထွက်စေခဲ့သည် ဟူသောအချက်ဖြစ်သည်။

ပြင်သစ်ဘက်က သြစတြေးလျကို ဒီဇယ်ရေငုပ်သင်္ဘောများ ရောင်းချမည့် ကန်ဒေါ်လာ ၆၆ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်သည် ထိုအပြောင်းအလဲများကြောင့် ပျက်ပြယ်သွားပြီဖြစ်သည်။

ပြင်သစ်သည် ဝါရှင်တန်နှင့် ကင်ဘာရာရှိ သံအမတ်ကြီးများကို ပြန်လည်ခေါ်ယူသည်။ ဥရောပသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားသည့် ပြင်သစ်သည် အမေရိကန်နှင့် ဆက်ဆံရေးများ လျှော့ချမည့်သဘော လုပ်ရပ်တစ်ခုဖြစ်သည်။

နယူးယောက်တွင်ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ချိန်၌ သီးခြားပြောကြားမှုတစ်ရပ်တွင် ဥရောပသမဂ္ဂ (အီးယူ) ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဆက်ဘော်ရဲက တရုတ်၏အင်အား ကြီးထွားလာနေသည့် ‘အင်ဒို-ပစိဖိတ်ဒေသတွင် တည်ငြိမ်မှုတစ်ရပ်’  ရရှိရန်အတွက်ဆိုလျှင် “ပိုမိုပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုချိတ်ဆက်နိုင်မှု၊ စိတ်ဝမ်းကွဲခြင်း ပိုမိုနည်းပါးမှု” တို့ကို လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ကိုယ်ကျိုးစီးပွားပဋိပက္ခအတွင်း ယခုကဲ့သို့ ဝိဝါဒကွဲလွဲမှုများ အရှိန်မြင့်လာခြင်းကို လျှော့မတွက်သင့်ပေ။ သို့သော်လည်း ဤကဲ့သို့ သဘောထားကွဲလွဲမှုများသည် တရုတ်မီဒီယာက ပုံဖော်နေသကဲ့သို့ တရုတ်အတွက် အကျိုးရှိလာမည်ဟုတော့ တွက်ချက်၍ မရနိုင်ပေ။

သြစတြေးလျနှင့် ရေငုပ်သင်္ဘောသဘောတူညီချက် ပျက်ပြယ်အပြီး ချက်ချင်းပင် ပြင်သစ်သမ္မတ အီမာနျူဝယ်မက်ခရွန်သည် နှစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေးကို ဆွေးနွေးရန် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီထံ ဖုန်းဆက်ခဲ့သည်။ နိုင်ငံတကာအရေး လေ့လာသူအများအပြား သတိမမူဘဲ ကျန်ခဲ့သည်မှာ ပြင်သစ်သည် အိန္ဒိယသမုဒ္ဒရာတွင် အင်အားကြီးတစ်ရပ်ဖြစ်ပြီး အခြားမည်သည့်နိုင်ငံထက်မဆို ရေပြင်ပိုင်နက် ထိန်းချုပ်မှု ပိုများသည်ဆိုသော အချက်ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာရှိ ပြင်သစ်၏ အထူးစီးပွားရေးဇုန်သည် အားလုံးခြုံငုံ တွက်ချက်လျှင် စတုရန်းကီလိုမီတာပေါင်း ၂,၆၅၀,၀၁၃ အထိရှိသည်။ ပြင်သစ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် ပြန့်ကြဲနေသောကျွန်းဆွယ်များ အားလုံးကို ထည့်တွက်ပါက ဤပမာဏသည် ဖြစ်နိုင်သည်။

လူဦးရေ ၈၆၀,၀၀၀ နေထိုင်သည့် ရီယူနီယံဒေသနှင့် မက်ဒါဂါစကာ အနောက်မြောက်ပိုင်းရှိ လူဦးရေ ၂၇၀,၀၀၀ နေထိုင်သည့် မာယော့ဒေသတို့သည် ပြင်သစ်၏ နိုင်ငံပြင်ပပိုင်နက်များ ဖြစ်သည်။

ထိုကဲ့သို့သော လူနေထိုင်သည့် ကျွန်းများအပြင် ကာဂူလန်ကျွန်းစု၊ ခရိုဇက်ကျွန်းစု၊ စိန့်ပေါနှင့် အမ်စတာဒမ်ကျွန်းများသာမက မက်ဒါဂါစကာအနီးရှိ ဂွန်ဒီနိုဗာ၊ ယူရိုပါ၊ ဘာဆားဒါအင်ဒီယာ၊ ကလိုရီအိုဆာနှင့် ထရိုမီလင်ကဲ့သို့ ကျွန်းအသေးများကိုလည်း ပြင်သစ်က ထိန်းချုပ်ထားသည်။

အဆိုပါကျွန်းများတွင် လူများ အခြေချနေထိုင်မှု မရှိပေ။ သို့သော်လည်း အချို့ကျွန်းများတွင် ပြင်သစ်သိပ္ပံပညာရှင်များနှင့် သုတေသီများသည် အလှည့်ကျ နေထိုင်ကြသည်များ ရှိသည်။

ကျွန်းအများစုမှာ သေးငယ်သည်။ သို့သော်လည်း အကြီးဆုံးနှင့် တောင်ထူထပ်ဆုံးဖြစ်သော ကာဂူလန်ကျွန်းသည် ကွန်နက်တီကပ်ပြည်နယ်၏ ထက်ဝက်ခန့်ကြီးမားသည့် အရွယ်အစားရှိသည်။

နွေရာသီဆိုလျှင် ကာဂူလန်၌ ပြင်သစ်သိပ္ပံပညာရှင် ၁၀၀ ကျော် ရှိပြီး ဆောင်းရာသီဆိုလျှင်တော့ ထိုထက် လူဦးရေ ပိုနည်းသည်။

အဓိကအခြေချရာ Port-aux-Français တွင် ဂြိုလ်တုခြေရာခံစခန်းရှိပြီး ပြင်သစ် အာကာသဌာန၊ သိပ္ပံနှင့် ဓာတ်ခွဲ၊ နည်းပညာတပ်ဆင်မှုတို့ ဆောင်ရွက်သည်။ လက်နက်များ သိုလှောင်ထားသည်ဟူသည့် ကောလာဟလများလည်း ပြောကြသည်။

တရားဝင်တည်ရှိနေသည့် အချက်မှာ ပြင်သစ်သည် ရီယူနီယံရှိ တပ်ဖွဲ့များအပြင် အာဖရိကအငူရှိ ၎င်း၏ ကိုယ်လိုနီနယ်မြေဟောင်း ဂျီဘူတီတွင် အခြေစိုက်စစ်စခန်း ရှိထားသလို မာယော့တွင်လည်း ကြေးစားစစ်တပ် ရှိသည့်အချက် ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း၌ ရှိနေသော ပြင်သစ်၏ စုစုပေါင်းတပ်ဖွဲ့ဝင် အင်အားတွင် ဝေဟင်နှင့် ရေပြင်သုံးယာဉ်အစီးရေ ၁၉၀၀ ထက်မနည်း၊ စစ်သည်အင်အား ၁၃၅၀ နှင့် ဂျီဘူတီရှိ လေကြောင်းထောက်ကူများ ပါဝင်သည်။ ပြင်သစ်သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တွင်လည်း စစ်သည်အင်အား ၇၀၀ နှင့် သင်္ဘောများ လေယာဉ်များပါဝင်သည့် ရေတပ်အခြေစိုက် စခန်းတစ်ခု ရှိသည်။

လက်ရှိအချိန်အထိ ပြင်သစ်တို့ အိန္ဒိယသမုဒ္ဒရာတွင် အဓိက အလေးထားဆောင်ရွက်နေသည်မှာ ပင်လယ်ဓားပြရန် ကာကွယ်ရေး၊ လူသားချင်းစားနာမှု အကူအညီပေးရေး၊ သဘာဝဘေး ကူညီရေးနှင့် ဥတုရာသီအရေး သုတေသနတို့ဖြစ်ကာ အမေရိကန်ဦးဆောင်သည့် အရှေ့အလယ်ပိုင်း စစ်ဆင်ရေးများကိုလည်း ကူညီပေးလျက်ရှိသည်။

သို့သော် အနောက်နှင့် တရုတ်တို့အကြား စစ်အေးတိုက်ပွဲသစ် အရှိန်မြင့်လာသည် နှင့်အမျှ ဤ အာဏာချိန်ခွင်လျှာ ကစားပွဲတွင် ပြင်သစ်၏ အခန်းကဏ္ဍသည် လျော့မသွားဘဲ ပိုမိုအရေးပါလာဖွယ်ရာ ရှိနေသည်။ အထူးသိသာသည်မှာ ပြင်သစ်တို့သည် တရုတ်ပိုင်ကြောင်း ကြေညာထားသော ရေပြင်၌ လွတ်လပ်စွာသွားလာခွင့်ကို ကျင့်သုံးရန်အတွက် တောင်တရုတ်ပင်လယ်၌ EU က ပုံမှန် ကင်းလှည့်မည့်စိတ်ကူးကို အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်သည် အိန္ဒိယသမုဒ္ဒရာတွင် ခြေကုပ်ထားသည့်အပြင် ကယ်ဒီဒိုးနီးယားနယ်မြေသစ် (New Caledonia)၊ ပြင်သစ်ပိုလီနီးရှား၊ ဝေါလစ်ဖူတူနာကျွန်းစုတို့ကဲ့သို့ တောင်ပစိဖိတ် နေရာများကိုပါ ပိုင်ဆိုင်ထားသည်။ ၎င်းနေရာများသည် သမုဒ္ဒရာနှစ်ခုလုံးကို လက်လှမ်းမီသည့် အချက်အချာနေရာများ ဖြစ်သည်။

တရုတ်ကို ပြိုင်ဘက်အဖြစ် ပေါ်ပေါ်ထင်ထင် ထည့်မပြောသော်လည်း ပြင်သစ်ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်တွင် ပုံနှိပ်ခဲ့သည့် စာတမ်းတစ်စောင်၌ သြစတြေးလျ၊ အိန္ဒိယတို့ကို “အဓိက ဗျူဟာမြောက်မိတ်ဖက်” အဖြစ် အလေးပေး ဖော်ပြထားသည်။

သြစတြေးလျနှင့် ဆိုလျှင် ပြင်သစ်သည် “အကျိုးစီးပွားများ တိုက်ဆိုင်ပြီး ဒီမိုကရေစီ စံနှုန်းများလည်း တူညီသည်”။ “အိန္ဒိယနှင့် ရှိထားသည့် အထူးဆက်ဆံရေး တွင်လည်း ရေတပ်၊ လေတပ်နှင့် ကြည်းတပ်ချင်း ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုများ နှစ်စဉ်ဆောင်ရွက်မှုရှိသည်” ဟု ဖော်ပြထားသည်။

ဂျပန်နှင့်လည်း “ထူးခြားသော မိတ်ဖက်ဆက်ဆံရေး” တည်ဆောက်ထားကြောင်း အဆိုပါ စာတမ်း၌ပင် ဖော်ပြထားသည်။

သြစတြေးလျနှင့် မဟာမိတ်ဆက်ဆံရေး လဲပြိုမည့်အလားအလာ ရှိနေသော်ငြားလည်း ပြင်သစ်-အိန္ဒိယ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ အားပျော့သွားမည့် လက္ခဏာ မတွေ့ရပေ။ ပြီးခဲ့သော ဧပြီလတွင်လည်း နှစ်နိုင်ငံပူးပေါင်း၍ အာရေဗီယံပင်လယ်၌ ၁၉ ကြိမ်မြောက် ဗာရူနာစစ်ရေး လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြသည်။

ထိုလေ့ကျင့်မှုများ၌ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးနှင့် ရေငုပ်သင်္ဘောဖျက် လေ့ကျင့်ခန်းများ၊ လေကြောင်းစစ်ဆင်ရေးများ၊ စီစဉ်သူများအခေါ် “ဗျူဟာမြောက်စစ်ရေးလေ့ကျင့်မှုများ” ပါဝင်သည်။ အိန္ဒိယနှင့် ပြင်သစ်သည် စစ်ဘက်ဆိုင်ရာ ထောက်ပို့ သဘောတူညီချက် တစ်ရပ်ကိုလည်း ၂၀၁၉ ခုနှစ်တွင် လက်မှတ်ရေးထိုးထားကြသည်။ ဤသဘောတူညီချက်အရ နှစ်နိုင်ငံအကြား ဒေသတွင်း စစ်ရေးအချက်အလက်များနှင့် ပံ့ပိုးမှုများ အပြန်အလှန် ရရှိမည်ဖြစ်သည်။

ပြင်သစ်သည် ဂျပန်နှင့်လည်း နီးကပ်သော စစ်ဘက်ဆက်ဆံရေး ရှိထားသည်။ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အကာအကွယ် ပေးနိုင်ရေးအတွက် နှစ်နိုင်ငံအကြား ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန် သဘောတူထားကြောင်း ယခုလအတွင်း ဂျပန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတို့ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနှင့် ပြင်သစ်အကြား မဟာမိတ်ဆက်ဆံရေးတွင် အဓိကကျသော အချက်မှာ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့၌ တရုတ်၏ လူတွင်ကျယ်လုပ်ရပ် မြင့်တက်လာခြင်းအပေါ် စိုးရိမ်မှုဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၈ ရက်နေ့က ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြင်သစ် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ ဒါးဆော့ (Dassault) တို့အကြား ကန်ဒေါ်လာ ၂၈.၄၅ သန်း တန်ဖိုးရှိသည့် နည်းပညာဝန်ဆောင်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤစာချုပ်အရ ၁၉၉၀ ကျော်ကာလများက ထိုင်ဝမ်ဝယ်ယူထားသည့် ဂျက်လေယာဉ်အစီး ၂၀၀၀ ကျော်ကို နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။ တရုတ်အတွက် ပို၍မကျေမနပ် ဖြစ်ရသည်မှာ ပြင်သစ်က တစ်ချိန်တည်း၌ ထိုင်ဝမ်ကို လာဖေးယက် (Lafayette) စစ်သင်္ဘော ခြောက်စီး ရောင်းချခဲ့မှု ဖြစ်သည်။

ပြင်သစ်သည် ထိုင်ဝမ်သို့ နည်းပညာရှင်များ စေလွှတ်ထားကြောင်း ပြီးခဲ့သောနှစ် မေလက သတင်းထွက်ပေါ်ခဲ့ချိန်၌လည်း တရုတ်သည် “တရုတ်-ပြင်သစ် ဆက်ဆံရေးကို မထိခိုက်စေရန်” ပြင်းထန်သော အသိပေးချက်တစ်ရပ် ပြင်သစ်ထံသို့ ပေးပို့ခဲ့သည်။ ပြင်သစ်ဘက်ကလည်း တရုတ်အနေဖြင့် ကိုဗစ်ကပ်ဘေး တိုက်ဖျက်ရေးကိုသာ အာရုံစိုက်သင့်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ယခုအခါ ထိုင်ဝမ်သည် လာဖေးယက် စစ်သင်္ဘောများတွင် ဒုံးဖျက်စနစ်များ အဆင့်မြှင့်ရန်အတွက် ပြင်သစ်ထံမှ ပစ္စည်းကိရိယာများ ဝယ်ယူရန် စီစဉ်နေပြီဖြစ်သည်။

ပြင်သစ်က ကင်ဘာရာနှင့် နယူးယောက်ရှိ သံအမတ်များကို ပြန်လည်ခေါ်ယူခြင်းသည် မကြုံစဖူးသည့်လုပ်ရပ် ဖြစ်သော်လည်း ပြင်သစ်နှင့် အမေရိကန်အကြား မဟာဗျူဟာအရ မတည့်အတူလျှာနှင့်သွား ဖြစ်ကြသည်မှာ ယခုအကြိမ်သည် ပထမဆုံး မဟုတ်သည်ကိုတော့ သတိပြုသင့်သည်။

၂၀၀၃ ခုနှစ်က အီရတ်ကိုဝင်တိုက်ရန် အတွက် အမေရိကန်တို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အတည်ပြုချက်ယူရန် အစီအစဉ်ရှိခဲ့သည်။ သို့သော်လည်း ကောင်စီ အမြဲတမ်းအဖွဲ့ဝင် ပြင်သစ်နှင့် ရုရှားတို့က ဗီတိုအာဏာသုံးပြီး ကန့်ကွက်ကြမည်ကို ရှင်းရှင်းလင်းလင်း မြင်သာနေသည့်အတွက် အတည်ပြုချက်ယူမည့် အစီအစဉ်ကို အမေရိကန်တို့ ရုတ်သိမ်းခဲ့သည်။

၂၀၀၃ ဖေဖော်ဝါရီလက ကုလသမဂ္ဂတွင် အီရတ်စစ်ပွဲ ဆန့်ကျင်ရေးမိန့်ခွန်း ပြောကြားခဲ့သည့် ထိုစဉ်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ဒိုမိနစ်ဒီဗီလယ်ပင်ကိုလည်း လူအများ သြဘာပေးခဲ့ကြသည်။

အီးယူနိုင်ငံခြားရေး မူဝါဒရုံး အကြီးအကဲ ဘော်ရဲပြောသည့် “စိတ်ဝမ်းကွဲမှု”  အမှန်တကယ် ရှိနေသည်ကိုတော့ သံသယဖြစ်စရာ မလိုပေ။ သို့သော် တရုတ်တို့ ခေါင်းထောင်လာမှုကို ထိန်းချုပ်လိုစိတ်နှင့် တုံ့ပြန်လိုစိတ်လည်း အီးယူအဖွဲ့တွင် ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။

အနောက်နိုင်ငံများအကြား သဘောထားကွဲအက်ခြင်းနှင့် မဟာဗျူဟာ အင်အားကစားရာတွင် အချင်းချင်း အမျက်ရှခြင်းများ အပေါ် တရုတ်ဘက်က အမြတ်ထုတ်မှုများ လုပ်ကောင်းလုပ်နိုင်သည်။

သို့သော်လည်း စစ်နယ်နိမိတ်မျှဉ်းများ ရေးဆွဲနေကြသည့် နေရာတွင်မူ အနောက်အုပ်စုအကြား သဘောထားကွဲလွဲမှုမှာ မရှိသလောက်သာ ဖြစ်လေသည်။

စောသန္တာအေး

မူရင်း - France’s loss is not China’s gain in the Indo-Pacific by Bertil Lintner, ASIA TIMES