- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ကယ်လီဖိုးနီးယား ပစ်ခတ်မှုကြောင့် ၆ ဦးသေဆုံး
ကယ်လီဖိုးနီးယားပြည်နယ် ဆက်ကရာမင်တိုမြို့တွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၆ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
05 Apr 2022
DMG ၊ ဧပြီ ၅
ကယ်လီဖိုးနီးယားပြည်နယ် ဆက်ကရာမင်တိုမြို့တွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၆ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆက်ကရာမင်တို မြို့လယ်၌ နံနက် ၂ နာရီဝန်းကျင်၌ ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုတွင် ကျူးလွန်သည်ဟု ယူဆရသူ ၂ ဦး အနည်းဆုံးရှိပြီး ၎င်းတို့ကို ရှာဖွေနေဆဲဖြစ်ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။
ဟိုတယ်ကြီတစ်ခု အပြင်၊ နိုက်ကလပ်နှင့် ဘားများရှိရာလမ်းနှင့် အပြိုင်ရှိနေသည့် လမ်းသွယ်၌ ရန်ဖြစ်မှုတစ်ခု ပေါ်ပေါက်စဉ်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ရန်ဖြစ်မှုနှင့် သေနတ်ပစ်ခတ်မှု ဆက်စပ်မှုရှိမရှိကိုမူ မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဆိုရှယ်မီဒီယာ၌ မျက်မြင်သက်သေတစ်ဦးတင်ထားသည့် ဗီဒီယိုဖိုင်တွင် သေနတ်ပစ်ခတ်မှုသည် ၄၅ စက္ကန့်ခန့်အထိ ဆက်တိုက်ရှိခဲ့ပြီး လူအများအပြားသည် အော်ဟစ်ကာ အကာအကွယ်ရယူရန် ပြေးလွှားနေကြသည်ကို တွေ့ရသည်။
ရဲမှူးချုပ် ကေသီလက်စတာက ပစ်ခတ်မှုနှင့် ပတ်သက်၍ စုံစမ်းနေမှုအချို့ကို ထုတ်ဖော်ပြောကြားထားပြီး လူထုအနေဖြင့်လည်း သေနတ်သမားများကို စုံစမ်းနိုင်မည့် ဗီဒီယိုနှင့် အခြားသော သက်သေအထောက်အထားများရှိပါက ပေးပို့ကြရန် တိုက်တွန်းထားသည်။
သေဆုံးသူများမှာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးဖြစ်ကာ အာဏာပိုင်များက မိသားစုဝင်များအား အကြောင်းကြားရန် စီစဉ်နေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ဆက်ကရာမင်တိုတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ဖခင်တစ်ဦးသည် သမီးသုံးဦးအား ဘုရားကျောင်းတစ်ခုတွင် ပစ်သတ်ပြီးနောက် မိမိကိုယ်ကိုယ်ပါ ပစ်သတ်ပြီး အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။
အမေရိကန်တွင် သေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှု အပါအဝင် ပစ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်သည် နှစ်စဉ် ၄ သောင်းခန့်ရှိကြောင်း သေနတ်ဖြင့်အကြမ်းဖက်မှုမှတ်တမ်း ဝက်ဘ်ဆိုက် Gun Violence တွင် ဖော်ပြထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်မှာ သေနတ်ဖြင့် အဆုံးစီရင်ကြခြင်း ဖြစ်သည်။
အမေရိကန်လူထု အများစုသည် သေနတ်ကိုင်ဆောင်မှုကို ထိန်းချုပ်သည့်ဥပဒေများ ပြဌာန်းရန် လိုလားကြသော်လည်း အခြားတစ်ဘက်တွင်မူ လက်နက်ကိုင်ဆောင် ခုခံခွင့်ကို အကာအကွယ်ပေးသည် ဥပဒေများကြောင့် လက်နက်ထိန်းချုပ်ရေး အစီအစဉ်များသည် အထမမြောက် ဖြစ်နေရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။