၂ဝ၁၉ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာသေဆုံးမှုများ၌ ၆ ဦးတွင် ၁ ဦးသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုကြောင့် ၂ဝ၁၉ ခုနှစ်အတွင်း လူပေါင်း ၉ သန်းခန့် အချိန်မတိုင်မီ သေဆုံးခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာသစ် တစ်ရပ်အရ သိရသည်။ ထို့အပြင် ပြင်ပလေကို ရှူရှိုက်မိခြင်းကြောင့် သေဆုံးမှုများတိုးလာမှုနှင့် ခဲဆိပ်သင့်ခြင်း၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သေဆုံးသူအရေအတွက် များပြားနေမှုတို့ကိုလည်း ပညာရှင်များက သတိပေးနှိုးဆော်ထားသည်။

20 May 2022

ပြင်ပလေထုညစ်ညမ်းမှုသည် ကြီးထွားလာနေသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ (ဓာတ်ပုံ - AFP)

DMG ၊ မေ ၂၀

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုကြောင့် ၂ဝ၁၉ ခုနှစ်အတွင်း လူပေါင်း ၉ သန်းခန့် အချိန်မတိုင်မီ သေဆုံးခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာသစ် တစ်ရပ်အရ သိရသည်။ ထို့အပြင် ပြင်ပလေကို ရှူရှိုက်မိခြင်းကြောင့် သေဆုံးမှုများတိုးလာမှုနှင့် ခဲဆိပ်သင့်ခြင်း၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သေဆုံးသူအရေအတွက် များပြားနေမှုတို့ကိုလည်း ပညာရှင်များက သတိပေးနှိုးဆော်ထားသည်။

လေ၊ ရေ နှင့် မြေဆီလွှာတို့တွင် လူများကြောင့်ဖြစ်ပေါ်လာသော အညစ်အကြေးများသည် လူကိုချက်ချင်း မသေစေနိုင်သော်လည်း နှလုံးရောဂါ၊ ကင်ဆာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ဝမ်းလျှောခြင်းနှင့် အခြားပြင်းထန်သောရောဂါများကို ဖြစ်စေသည်။

ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှု၏ သက်ရောက်မှုသည် "စစ်ပွဲ၊ အကြမ်းဖက်မှု၊ ငှက်ဖျားရောဂါ၊ အိတ်ချ်အိုင်ဗီရောဂါ၊ တီဘီရောဂါ၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာတို့ထက် များစွာပိုများသည်" ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုနှင့် ကျန်းမာရေးဆိုင်ရာ Lancet ကော်မရှင်က ပြောကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုသည် လူသားတို့၏ကျန်းမာရေးနှင့် ကမ္ဘာကြီး၏ ကျန်းမာရေးအတွက် တည်ရှိနေသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ခေတ်မီလူ့အဖွဲ့အစည်းများ၏ တည်တံ့ခိုင်မြဲမှုကို ထိခိုက်စေကြောင်းကိုလည်း ၎င်းကပြောသည်။

ယေဘုယျအားဖြင့် သုံးသပ်ချက်အရ ၂၀၁၉ ခုနှစ်၌ ကမ္ဘာတစ်ဝှမ်းတွင် စုစုပေါင်းသေဆုံးသူ ၆.၇ သန်းခန့်သည် လေထုညစ်ညမ်းမှုကြောင့်ဖြစ်ပြီး အဆိုပါသေဆုံးမှုများသည် ရာသီဥတုပြောင်းလဲမှုနှင့်လည်း ဆက်စပ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပြဿနာနှစ်ခုလုံး၏ အဓိကအရင်းအမြစ်မှာ ရုပ်ကြွင်းလောင်စာများနှင့် ဇီဝလောင်စာများကို လောင်ကျွမ်းစေရာမှ ဖြစ်ပေါ်လာသောကြောင့် ဖြစ်သည်။

ခြုံငုံကြည့်မည်ဆိုပါက ကမ္ဘာတစ်ဝန်းတွင် အရွယ်မတိုင်မီသေဆုံးမှု ၆ ဦးတွင် ၁ ဦး(သို့မဟုတ်) ကိုးသန်းခန့်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုကြောင့် ဖြစ်ကြပြီး အဆိုပါကိန်းဂဏန်းသည် ၂ဝ၁၅ ခုနှစ်တွင် နောက်ဆုံးပြုလုပ်ခဲ့သော အကဲဖြတ်မှုမှတ်တမ်းများအရ ဖြစ်ပြီး ယခုချိန်အထိ ပြောင်းလဲသွားခြင်းမရှိသေးပေ။

စက်မှုထွန်းကားမှုကြောင့် ဖြစ်ပေါ်လာသော ပြင်ပလေထုညစ်ညမ်းမှု၊ ဓာတုပစ္စည်းများကြောင့် ဖြစ်ပေါ်လာသော ညစ်ညမ်းမှုများနှင့် ဆက်စပ်နေသော အစောပိုင်းသေဆုံးမှုများသည် အာရှတောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် အထူးမြင့်တက်လာလျက်ရှိသည်။

ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကြောင့် သေဆုံးခဲ့များသည် ၂ဝ၁၅ ခုနှစ်တွင် ၄.၂ သန်းနှင့် ၂ဝဝဝ ခုနှစ်တွင် ၂.၉ သန်းသာ ရှိခဲ့သော်လည်း ၂ဝ၁၉ ခုနှစ်တွင် လူ ၄.၅ သန်းခန့်ရှိကြောင်း Lancet Planetary Health  စာစောင်၌ ဖော်ပြထားသည့် လေ့လာမှုအရ သိရသည်။