ရခိုင်က “ကျွန်းနံ့သာ”ကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၏ အနောက်ဘက် ရေမိုင် ၂၄ မိုင်အကွာတွင်တည်ရှိသည့် “ကျွန်းနံ့သာ”ကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်သည်။

By Admin 18 Jun 2024

ရခိုင်က “ကျွန်းနံ့သာ”ကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်

DMG ၊ ဇွန် ၁၈ 

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၏ အနောက်ဘက် ရေမိုင် ၂၄ မိုင်အကွာတွင်တည်ရှိသည့် “ကျွန်းနံ့သာ”ကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က)အရ ဇွန်လ ၁၂ ရက်မှစ၍ စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုမှတ်လိုက်သည့် အဏ္ဏဝါအမျိုးသားဉယျာဉ်သည် ကုန်းမြေ ၇၈၁ ဧကနှင့် ရေပြင် ၂၂,၂၁၉ ဧက စုစုပေါင်းဧရိယာ ၂၃,၀၀၀ ဧကထိရှိသည်။ ကျွန်းနံ့သာသည် ၁၆၈ မီတာ (၅၅၁ ပေ) အမြင့်ရှိပြီး အလယ်တွင် ရွှံ့နွံထူသည့် အသက်ဝင်နေသည့် မီးတောင်တစ်ခု တည်ရှိသည်။

ကျွန်းနံ့သာတွင် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့(IUCN)၏ ကာကွယ်ထိန်းသိမ်းမှု အဆင့်သတ်မှတ်ဝင် အဏ္ဏဝါမျိုးစိတ်များဖြစ်သည့် ပြင်သာလိပ်၊ လိပ်လှောင်း၊ လိပ်ကြက်တူရွေး၊ လိပ်စောင်းလျားနှင့် လိပ်ခွေး စသည်တို့နှင့် ဝေလငါး၊ ငါးမန်းဖလောင်း၊ ရေဝက်၊ ငါးမန်းအမျိုးမျိုး၊ ငါးလိပ်ကျောက်နှင့် ရှားပါး ဗျိုင်းမည်းဌက်မျိုးစိတ်တို့ နေထိုင်ကျက်စားကြသည်။

မြန်မာနိုင်ငံတွင် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ “လန်ပိကျွန်း”ကို ပထမဆုံး သတ်မှတ်ခဲ့သည်။ 

ဒုတိယမြောက်အဖြစ် ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြားရှိ “နံ့သာကျွန်း”ကို သတ်မှတ်ထားခဲ့ပြီး လက်ရှိ “ကျွန်းနံ့သာ”မှာ တတိယမြောက် သတ်မှတ်ခံရခြင်း ဖြစ်သည်။ 

ဗီဒီယိုများ