ဒေါ်လာ သန်း ၁၅၀ ကူညီရန် အာဆီယံခေါင်းဆောင်များကို ဘိုင်ဒန် ကတိပြု

အာဆီယံနိုင်ငံများ၏ အခြေခံအဆောက်အဦ၊ လုံခြုံရေး၊ ကပ်ဘေးဖြေရှင်းရေး ပြင်ဆင်မှုနှင့် အခြားကိစ္စရပ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ သုံးစွဲမည်ဟု သမ္မတဘိုင်ဒန်က ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

14 May 2022

ဓာတ်ပုံ - AFP

DMG ၊ မေ ၁၄

အာဆီယံနိုင်ငံများ၏ အခြေခံအဆောက်အဦ၊ လုံခြုံရေး၊ ကပ်ဘေးဖြေရှင်းရေး ပြင်ဆင်မှုနှင့် အခြားကိစ္စရပ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ သုံးစွဲမည်ဟု သမ္မတဘိုင်ဒန်က ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဝါရှင်တန်တွင် နှစ်ရက်ကြာ တွေ့ဆုံမည့် အာဆီယံခေါင်းဆောင်များ၏ အစည်းအဝေးကို ကြာသပတေးနေ့တွင် စတင်ခဲ့သည်။

ဆွေးနွေးကြမည့် အကြောင်းအရာများတွင် ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်လည်း ပါဝင်နေသည့် တစ်ချိန်တည်း၌ ဘိုင်ဒန်အစိုးရသည် အာရှပစိဖိတ်တွင် ကာလရှည်ကြာ အမေရိကန်ပြိုင်ဘက်ဖြစ်သည့် တရုတ်အပေါ်တွင်လည်း အာရုံစိုက်သည့် သဘောကို ပြသနိုင်ရန် မျှော်လင့်လျက်ရှိသည်။

“ကျွန်တော်တို့အနေနဲ့ အရှေ့တောင်အာရှက ကစားပွဲကို ရပ်တန့်ဖို့လိုပါတယ်” ဟု ဘိုင်ဒန်အုပ်ချုပ်ရေးအဖွဲ့ဝင် အရာရှိကြီးတစ်ဦးက သတင်းထောက်များကို ပြောကြားသည်။

“ကျွန်တော်တို့ဟာ နိုင်ငံတွေကို အမေရိကန်နဲ့ တရုတ်အကြား တစ်ခုခု ရွေးခိုင်းတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း အသိပေးချင်တာက အမေရိကန်ဟာ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးကို လိုလားတယ် ဆိုတဲ့အကြောင်းပါ” ဟု အဆိုပါအရာရှိက ပြောသည်။

ယခုငွေကြေးအကူအညီအရ ဒေသတွင်း စွမ်းအင်ထောက်ပံ့မှု၌ ကာဘွန်ဓာတ်ငွေ့ လျှော့ချရေးအတွက် ဒေါ်လာ သန်း ၄၀၊ ပင်လယ်ပြင်လုံခြုံရေးအတွက် သန်း ၆၀၊ ကိုဗစ်-၁၉ ကနဦးရှာဖွေစစ်ဆေးရေးအတွက် ကျန်းမာရေးရန်ပုံငွေ ၁၅ သန်းတို့လည်း ပါဝင်သည်။

သို့သော်လည်း အမေရိကန်၏ ကတိကဝတ်များသည် အရှေ့တောင်အာရှတွင် နက်ရှိုင်းသော လွှမ်းမိုးမှုရှိထားသည့် တရုတ်အကူအညီနှင့် ယှဉ်ပါက နောက်ကျနေဆဲဖြစ်သည်။

တရုတ်သည် နိုဝင်ဘာလ၌ အာဆီယံနိုင်ငံများ၏ ကိုဗစ်ကာကွယ်ရေးနှင့် စီးပွားရေး နာလန်ထူနိုင်ရေး ကိစ္စရပ်များအတွက် သုံးနှစ်တာအတွင်း ကန်ဒေါ်လာ ၁.၅ ဘီလျံ ထောက်ပံ့သွားရန် ကတိပြုထားသည်။

ယခုတွေ့ဆုံမှုသည် ၂၀၁၆ နောက်ပိုင်းတွင် ပထမဆုံးအဖြစ် အာဆီယံခေါင်းဆောင်များ အိမ်ဖြူတော်၌ တစ်စုတစ်စည်းတည်း တွေ့ဆုံမှုလည်း ဖြစ်သည်။

အာဆီယံခေါင်းဆောင်များအနက် အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံကို ဖိတ်ကြားထားခြင်း မရှိသလို ဖိလစ်ပိုင်သည်လည်း ရွေးကောက်ပွဲကိစ္စရပ်များကြောင့် တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။