- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
အာရှအလယ်ပိုင်းတွင် တအိအိ ခရီးဆက်နေသော တရုတ်၏ ရပ်ဝန်းနှင့်လမ်းစီမံကိန်း
အဓိကပြဿနာမှာ တရုတ်က ရထားလမ်းကြောင်းသစ်ကို ၁၄၃၅ မီလီမီတာအကျယ် လမ်းကြောင်းဖြင့် ဖောက်လုပ်ရန် တောင်းဆိုနေသည့်အချက် ဖြစ်သည်။ ဤအရွယ်အစားကို တရုတ်နှင့် ကမ္ဘာ့နေရာ အများစုတွင် အသုံးပြုနေကြသည်မှာ မှန်သော်လည်း အာရှအလယ်ပိုင်းတွင်မူ ဆိုဗီယက်ခေတ်က ရုရှားအတိုင်းအတာဖြစ်သည့် ၁၅၂၀ မီလီမီတာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြဆဲ ဖြစ်သည်။
25 Nov 2021
သီဆိုနေကြသော သီချင်းသံများထက် မဆိုသည့်သံစဉ်များက ပိုမိုဆွဲဆောင်လေ့ရှိတတ်သည့် ယနေ့ခေတ်တွင် သတင်းအချက်အလက် စစ်ပွဲကြီးသည် ပိုမိုပြင်းထန်လာနေသည်။ အင်္ဂလိပ်ကဗျာဆရာ ပါစီဘစ်ရှယ်လီ၏ ‘စကိုင်းလက်သို့’ ကဗျာကြီးမှ စာကြောင်းအချို့ကိုပင် သွားသတိရမိသည်။
“နေ့ခင်းကြောင်တောင်.. မမြင်သာလည်း၊ အသင့် ချိုစကား ငါကြားဘိသေး”
လွန်ခဲ့သော သီတင်းပတ်အနည်းငယ်အတွင်း မြင်ခဲ့ရသည့် အဖြစ်အပျက်နှစ်ခုက အာဖဂန်နစ္စတန်၏ အနာဂတ်အပေါ် အကောင်းမြင်မှု ကြီးထွားလာနေကြောင်းကို ညွှန်ပြနေကြသည်။ ဒေသတွင်းဆက်ဆံရေး၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အုပ်ချုပ်ရေးပိုင်း အားကောင်းလာရေးအတွက် အခြေခံငြမ်းစင်သည် တိတိပပသတင်းမထွက်ခဲ့ဘဲ အဆင့်မြင့်တက်လာနေကြောင်း အဆိုပါဖြစ်ရပ်နှစ်ခုလုံးက အချက်ပြနေသည်။
ဥဇဘက်အမျိုးသားလုံခြုံရေးအကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာမာ့ခ်မူဒေါ့သည် နိုဝင်ဘာလ အစောပိုင်း၌ ပါကစ္စတန်နိုင်ငံမှ ၎င်းနှင့်ရာထူးတူ မိုအစ်ယူဆွတ်၏ ဖိတ်ကြားမှုဖြင့် အစ္စလာမ်မာဘက်သို့ သုံးရက်ကြာ သွားရောက်လည်ပတ်ခဲ့သည်။ ဤခရီးစဉ်ကို ရှိခဲ့သည်ထက် ပိုမို၍ အလေးထား စောင့်ကြည့်ခဲ့သင့်သည်မှာ သေချာသည်။ ဥဇဘက်သံအဖွဲ့အား ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်နှင့် စစ်ဦးစီးချုပ် ကာမာဘာဝါတို့ လက်ခံတွေ့ဆုံခဲ့ကြသည်။
ဥဇဘက်ကစ္စတန်နိုင်ငံသည် ဆိုဗီယက်လွန်ခေတ်တွင် တိုင်းပြည်တည်ဆောက်ရေးအတွက် ရှေ့ထွက်နမူနာတစ်ခု ဖြစ်သည်။ သမ္မတ၏ ဦးဆောင်မှုအောက်တွင် အမျိုးသားလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံနှင့်အတူ အပ်နှင်းထားသည့် အမျိုးသားလုံခြုံရေးအတွက် အာဏာကုန် အသုံးပြုခွင့်ရှိမှုက နိုင်ငံ၏ မူဝါဒများကို အထူးတည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ မာ့ခ်မူဒေါ့သည် ဤရာထူးကို ၂၀၁၃ ခုနှစ်တည်းက ရယူထားခြင်းဖြစ်သည်။
အဗ္ဗဒူလာဇစ်ကာမီလော့သည် ၂၀၁၂ ခုနှစ်တည်းက ဥဇဘက်ကစ္စတန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ၁၉၉၄ မှ ၂၀၀၃ ထိ ကိုးနှစ်ကြာ တာဝန်ယူခဲ့သည်ကိုပါ ထည့်တွက်မည်ဆိုပါက ကာမီလော့ကို ကမ္ဘာ့ ဝါအရင့်ဆုံး နိုင်ငံခြားရေးဝန်ကြီးအဖြစ်ပင် ယူဆ၍ ရနိုင်သည်။ ပြည်ပစိန်ခေါ်မှုများအကြားတွင် ဥဇဘက်၏ နိုင်ငံခြားရေးမူဝါဒများ အထူးကောင်းမွန်နေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
မာ့ခ်မူဒေါ့၏ ခရီးစဉ်အတွင်း ပါကစ္စတန်သည် ဥဇဘက်ကစ္စတန်နှင့် သဘောတူညီချက် တစ်ရပ် လက်မှတ်ရေးထိုးရန် အခြေအနေကောင်းများ ရရှိခဲ့သည်။ ထိုသဘောတူညီစာချုပ်သည် “မိမိတို့ ညီနောင်နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် ဒေသတွင်းချိတ်ဆက်ရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေမည်” ဟု ယူဆွတ်က တွစ်တာတွင်ရေးသည်။
အစ္စလာမ်မာဘက်က တရားဝင်ထုတ်ပြန်သည့် ကြေညာချက်၌ နိုင်ငံနှစ်ခု၏ လုံခြုံရေးကောင်စီများအကြား သဘောတူစာချုပ်အရ “နှစ်ဘက်အကျိုးစီးပွားများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် အကာအကွယ်ပေးထားသလို ပူးပေါင်းဆောင်ရွက်ရေး လုပ်ထုံးလုပ်နည်းများလည်း ချမှတ်ထားသည်” ဟုဖော်ပြသည်။
နှစ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်မှောင်ခို ကုန်သွယ်မှုများအား လုံခြုံရေးကော်မရှင်အသစ် အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားမည်ဖြစ်ကြောင်း ယူဆွတ်က လက်မှတ်ထိုးပွဲအပြီးတွင် မီဒီယာများကို ပြောကြားသည်။ စာချုပ်အရ နှစ်နိုင်ငံသည် မူးယစ်ဆေးတိုက်ဖျက်ရေး ကိစ္စရပ်များ၊ သဘာဝဘေးဒဏ်စီမံခန့်ခွဲမှု ဆိုင်ရာ စွမ်းရည်တည်ဆောက်ရေးကို အပြန်အလှန် ကူညီပေးမည်ဖြစ်သလို ကာကွယ်ရေးနှင့် စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး ကိုလည်း အင်အားမြှင့်တင်သွားမည်ဟု ဆိုသည်။
သေချာသည်မှာ အာဖဂန်နစ္စတန်ရှိ ဖွံ့ဖြိုးတိုးတက်မှုများသည် ယူဆွတ်နှင့် မာ့ခ်မူဒေါ့တို့၏ တစ်ယောက်ချင်း တွေ့ဆုံမှုအပေါ် လွှမ်းမိုးနေသည်ဆိုသော အချက်ဖြစ်သည်။ အစ္စလာမာဘက်နှင့် တက်ရှ်ကန့်တို့သည် အာဖဂန်နစ္စတန်အရေးတွင် “တူညီသည့်ရပ်တည်ချက် ရှိကြသည်” ဟု ယူဆွတ်က ပြောသည်။ အိမ်နီးချင်းနိုင်ငံများကိုပါ ထိခိုက်လာနိုင်သည့် လူသားချင်းစာနာမှု အကျပ်အတည်းကြီးကို ရှောင်လွှဲနိုင်ရေးအတွက် ကာဘူးလ်ရှိ လက်ရှိအစိုးရနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှု ရှိသင့်ကြောင်း သူကပြောသည်။
အရှေ့အလယ်ပိုင်းအထိ ခြေဆန့်မှုသည် ပါကစ္စတန်တို့အတွက် ပထဝီစီးပွားရေးမူဝါဒအရ အဓိကကျသော ရည်မှန်းချက်တစ်ရပ် ဖြစ်သည်။ ဥဇဘက်သံအဖွဲ့သည် ဥဇဘက်ကစ္စတန်မှ အာဖဂန်နစ္စတန်၊ ထိုမှတစ်ဆင့် ပါကစ္စတန်သို့ အဆင့်ဆင့် ဖြတ်သန်းရောက်ရှိလာသည့် ကုန်တင်ကားကြီးလေးစီးအား တာ့ခမ်နယ်စပ်အထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုခဲ့သည်။
မေလတွင် ပါကစ္စတန်၏ ပထမဆုံး ကုန်သွယ်မှုအား နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်း (TIR) စနစ်ဖြင့် ဥဇဘက်ကစ္စတန်သို့ ကုန်းလမ်းမှ ပို့ဆောင်ခဲ့သည်။
ယူဆွတ်၏ ပြောကြားချက်အရ ဆိုလျှင် “အာဖဂန်နစ္စတန်နှင့် နီးကပ်စွာတည်ရှိနေသည့် ဥဇဘက်ကစ္စတန်သည် မိမိတို့၏ ပထဝီစီးပွားရေးအရွေ့ကို ဖော်ဆောင်ရေးတွင် အထူးအရေးပါသည့် နိုင်ငံဖြစ်သည်” ဟု ဆိုသည်။ ဤအချက်သည် ပေးထားချက်သာ ဖြစ်သည်။ ဆိုဗီယက်ပညာရှင်လက်ဟောင်းနှင့် အားကစား အထင်ကရနှင့် နာမည်ကြီး တစ်ဦးတို့အကြား မဟာမိတ်ဆက်ဆံရေးသည် ဖြစ်နိုင်ခြေမရှိသည့် အနေအထားဖြစ်သည်။ လက်တွေ့တွင်မူ ဥဇဘက်သမ္မတ ရှာကက်မီဇီယိုယက်နှင့် ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်တို့သည် ပုဂ္ဂိုလ်ရေးပိုင်းတွင် နွေးထွေးသောဆက်ဆံရေး ရှိထားကြသည်။
ခေါင်းဆောင်ပိုင်းအကြား ပုဂ္ဂိုလ်ရေးအမြင်မျှမှုသည် ပထဝီမဟာဗျူဟာကို ကူညီမြှင့်တင်ပေးနိုင်သည်။ ၎င်းတို့အချင်းချင်းအား အတူတကွတွန်းပို့နေသည့် နိုင်ငံရေးနှင့် စီးပွားရေးအရ အရေးပါမှုများကိုလည်း ခေါင်းဆောင်နှစ်ဦးလုံးက သတိပြုမိကြသည်။ သို့အတွက်ကြောင့်ပင် ဒေသတွင်း တည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဥဇဘက်-ပါကစ္စတန် ပူးပေါင်းပြီး အတွင်းစည်းက ချည်းကပ်သည့် ပုံစံတစ်ရပ် မွေးဖွားလာခြင်း ဖြစ်သည်။
ဥဇဘက်ကစ္စတန်သည် သယ်ယူပို့ဆောင်ရေးကို ပါကစ္စတန်နိုင်ငံ မှတစ်ဆင့် ဂွါဒါဆိပ်ကမ်း၊ ထိုမှသည် ချာဘဟာဆိပ်ကမ်းများသို့ ရောက်ရှိပြီး ကမ္ဘာ့ဈေးကွက်ကို ချိတ်ဆက်ရေးအတွက် ဦးစားပေးဆောင်ရွက်နေသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဤအချက်ကို မြန်မြန်ဆန်ဆန်ပင် သဘောပေါက်သည်။ ထို့ကြောင့် အမေရိကန်၊ အာဖဂန်နစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ပါကစ္စတန် လေးနိုင်ငံမဟာမိတ်အုပ်စုသည် ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုအား အဆင့်မြှင့်တင်ရေးကို အာရုံစိုက်နေသလို အာဖဂန်အတွက် ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ အလေးထား အားဖြည့်မည်ဟု အမေရိကန်က ကြေညာခဲ့သည်။
အမေရိကန်က ပါဝင်အာရုံစိုက်လာခြင်းသည် ရုရှားနှင့် တရုတ်တို့အတွက် သတိပေးခေါင်းလောင်း မြည်သံ ဖြစ်သွားပုံပေါ်သည်။
နိုဝင်ဘာလအတွင်း ၈ ရက်နေ့တွင် တွေ့မြင်ရသည့် ဒုတိယအပြောင်းအလဲမှာ ပါကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ကဲ့သို့ အသေးစိတ်နောက်ခံ မရှိဘဲ ထွက်ပေါ်လာသည့် ကရာဂျစ်ဝန်ကြီးချုပ် အကီဘက်ဇာပါရော့၏ ထူးခြားသော ကြေညာချက် ဖြစ်သည်။ ကာဂျစ္စတန်အစိုးရသည် တရုတ်နှင့် ဥဇဘက်ကစ္စတန်ကို ဆက်သွယ်မည့် ကာလတာရှည်ခဲ့သော ရထားလမ်းစီမံကိန်းကို ဆောင်ရွက်ရန် အသင့်ဖြစ်နေပြီဟု ပြောကြားသည့် အဆိုပါကြေညာချက်မှာ စောင့်ကြည့်အကဲဖြတ်ရမည့် ကိစ္စဖြစ်သည်။
ဥဇဘက်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမာဘက်သို့ သွာရောက်လည်ပတ်ပြီးပြီးချင်း ထွက်ပေါ်ခဲ့သည့် ဤကြေညာချက်သည် အာဖဂန်ကို တာလီဘန်တို့ထိန်းချုပ်မှုနှင့်အတူ ပိုမိုကြီးမားကျယ်ပြန့်သည့် မြင်ကွင်းကျယ်ရုပ်လုံး ပေါ်လာအောင် တရုတ်က ကွက်တိ ဆောက်ရွက်နေသည်ကို တစ်စိတ်တစ်ပိုင်း ပြသနေသည်။ အာဖဂန်နစ္စတန်သို့ ပြန်ဝင်ရေးအတွက် လမ်းကြောင်းချနေသည့် ဗြိတိသျှနွယ်ဖွား အမေရိကန်တို့၏ စီမံကိန်းကို တရုတ် (ရုရှလည်းပါသည်) သည် သတိပြုမိလိမ့်မည် ဖြစ်သည်။
တရုတ်တို့နှာစေးသည်ကိုပင် သတင်းလုပ်ရေးသည့် အနောက်မီဒီယာအုပ်စုသည် ဇာပါရော့ထုတ်ပြန်သည့် ရထားလမ်းစီမံကိန်း အကြောင်းကိုမူ ဖယ်ထုတ်ထားကြသည်။ ဇာခါရော့က မိမိတို့အစိုးရအဖွဲ့သည် ရထားလမ်းစီမံကိန်းနှင့် ဆက်စပ်သည့် ကိစ္စရပ်များအားလုံးကို ဥဇဘက်အစိုးရနှင့် သဘောတူညီချက် ရရှိထားပြီဟု ပြောသည်။ မကြာမီအချိန်အတွင်း တရုတ်နှင့်လည်း အလားတူသဘောတူညီချက် ရမည်ဟု မျှော်လင့်ကြောင်း သူကဆိုသည်။
ဥဇဘက်ကစ္စတန်တွင် အသင့်အတင့် ဖွံ့ဖြိုးသည့် ပြည်တွင်း ရထားလမ်းကွန်ရက်ရှိပြီး ဒေသတွင်း အထိုင်တစ်ခုအဖြစ် အသုံးပြုရန် အလားအလာရှိကြောင်းကို တရုတ်ဘက်က အသိအမှတ်ပြုသည်။ သို့အတွက်ကြောင့် ရပ်ဝန်းနှင့်လမ်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် တရုတ်ကလည်း ရှင်ကျန်းမှသည် ကာဂျစ္စတန်ကို ဖြတ်ပြီး ဥဇဘက်ကစ္စတန်အထိ၊ ထိုမှတစ်ဆင့် တာ့ခ်မန်နစ္စတန်နှင့် အီရန်တို့အထိ ရထားလမ်းဖောက်ရန် အစီအစဉ်များ ရှိထားသည်။
အဓိကပြဿနာမှာ တရုတ်က ရထားလမ်းကြောင်းသစ်ကို ၁၄၃၅ မီလီမီတာအကျယ် လမ်းကြောင်းဖြင့် ဖောက်လုပ်ရန် တောင်းဆိုနေသည့်အချက် ဖြစ်သည်။ ဤအရွယ်အစားကို တရုတ်နှင့် ကမ္ဘာ့နေရာ အများစုတွင် အသုံးပြုနေကြသည်မှာ မှန်သော်လည်း အာရှအလယ်ပိုင်းတွင်မူ ဆိုဗီယက်ခေတ်က ရုရှားအတိုင်းအတာဖြစ်သည့် ၁၅၂၀ မီလီမီတာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြဆဲ ဖြစ်သည်။
ဤသို့ဖြင့် တရုတ်တို့သည် ရုရှားပုံစံ သံလမ်းအကြီးထဲတွင် ပို၍ကျဉ်းမြောင်းသည့် နိုင်ငံတကာသုံးအရွယ်အစားကို ထည့်ကာ နှစ်လိုင်းသွား သံလမ်းပုံစံ ဖန်တီးခဲ့ကြသည်။
အာမားမြစ်ကို ကူးဖြတ်သည့် ၂.၂ ကီလိုမီတာရှည်လျားသော တရုတ်-ရုရှား (Tongjiang-Nizhneleninskoye) ရထားလမ်းတံတားသည် တရုတ်တို့၏ BRI ရည်မှန်းချက်တွင် နှစ်လိုင်းသွားသံလမ်း နည်းပညာသစ် အသုံးပြုထားသည့် စီမံကိန်းဖြစ်သည်။
ပထမဆုံး နယ်စပ်ဖြတ်ကျော်သည့် ရထားလမ်းကြောင်း ခရီးစဉ်ကို သြဂုတ်လတွင် စတင်ခဲ့သည်။ လက်ရှိရထားလမ်း အသုံးပြုပုံအရ တရုတ်ပြည် ဟိုက်လုံကျန်းခရိုင်မှ မော်စကိုအထိ အကွာအဝေးသည် ၈၀၉ ကီလိုမီတာအထိ တိုတောင်းသွားပြီး ခရီးစဉ်အချိန်မှ ကြာချိန် ၁၀ နာရီခန့် လျှော့ချနိုင်ခဲ့သည်။
တံတားသည် တစ်နှစ်လျှင် တန်ချိန်ပေါင်း ၂၁ သန်းအထိ ဝန်အားခံနိုင်ရည် ရှိသည်။ ၎င်းမှတစ်ဆင့် ဖြတ်ကျော်သယ်ယူမည့် အဓိကကုန်ပစ္စည်းမှာ သံသတ္တုရိုင်းဖြစ်သည်။ နှစ်လိုင်းသွားသံလမ်း ဖြစ်သဖြင့် ရုရှားပုံစံနှင့် တရုတ်ပုံစံ နှစ်မျိုးလုံးသွားလာနိုင်မည် ဖြစ်သည်။
တရုတ်ရထားလမ်းစီမံကိန်းအတွက် ကာဂျစ္စတန်ဘက်မှ အဆင်ပြေချောမွေ့မှုသည် အာရှအလယ်ပိုင်းဒေသနှင့် အာဖဂန်၊ ပါကစ္စတန်နှင့် အီရန်တို့ကဲ့သို့ ဒေသတွင်း အိမ်ရှင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်ချိတ်ဆက်မှုကို ထူးထူးခြားခြား အသွင်ပြောင်းသွားစေနိုင်သည်။ ဒေသတွင်း ပထဝီနိုင်ငံရေးသည် လုံးလုံး ပုံစံပြောင်းသွားတော့မည် ဖြစ်သည်။
ဤနေရာ၌ အကျိုးအမြတ် ကြီးကြီးမားမားရသည်မှာ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား အရေးပါသည့် လမ်းပေါက်ရှိထားသည့် ဥဇဘက်ကစ္စတန်ဖြစ်သည်။ ပါကစ္စတန်သည်လည်း ဒေသတွင်းနိုင်ငံရေးတွင် အခရာကျသည့်ဒေသ ဖြစ်လာမည်ဖြစ်သည်။
ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် ကာဘူးလ်ကို ဖြတ်ကျော်၍ Mazar-e-Sharif မှ ပက်ရှဝါအထိ ၅၇၃ ကီလိုမီတာအရှည်ရှိသော လမ်းကြောင်း ဖောက်လုပ်ရန် မတ်လတွင် သဘောတူညီခဲ့ကြသည်။ စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၅ ဘီလျံခန့် ကုန်ကျမည်ဖြစ်ကာ အာရေဗီယံပင်လယ်ရှိ ပါကစ္စတန်ဆိပ်ကမ်းများမှသည် ဥဇဘက်ကစ္စတန်အထိ လမ်းကြောင်းပေါက်သွားမည် ဖြစ်သည်။
အာရှအလယ်ပိုင်း ရထားလမ်းကြောင်းသည် ရုရှားနှင့်လည်း ချိတ်ဆက်နေသဖြင့် ရုရှားဘက်မှ ကြည့်လျှင် ဤရထားလမ်းမှတစ်ဆင့် အာဖဂန်ပြန်လည်ထူထောင်ရေး နယ်ပယ်သို့ ဝင်ရောက်နိုင်စွမ်း ရှိနေသည်။
အာဖဂန်အခြေအနေ၏ အရေးပါမှုသည် အာရှအလယ်ပိုင်းနိုင်ငံများကို ပိုမိုနီးကပ်သောအနေအထားသို့ မရောက်အရောက် တွန်းပို့နေသလို တရုတ်နှင့် ရုရှားတို့ကိုလည်း ဒေသတွင်းလုံခြုံရေး အားကောင်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်အောင် တွန်းအားပေးလျက်ရှိသည်။
လျှော့တွက်၍ မရသည့်အချက်တစ်ချက်မှာ နှစ်ပေါင်း ၃၀ ကြာ မကြေမလည် ဖြစ်နေခဲ့သည့် တက်ရှ်ကန့်နယ်စပ်ပြဿနာကို ဖြေရှင်းရန် မတ်လအတွင်းက ဥဇဘက်-ကာဂျစ် သဘောတူညီခဲ့ကြသည့်အချက် ဖြစ်သည်။ ဤအချက်သည် တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် သုံးနိုင်ငံ ရထားလမ်းစီမံကိန်းအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။
အဓိကဇာတ်ဆောင်များ၊ အထူးသဖြင့် တရုတ် ဥဇဘက်ကစ္စတန်နှင့် ပါကစ္စတန်တို့ အားလုံး နားလည်သဘောပေါက်ထားကြသည့် အချက်တစ်ချက်ကတော့ အသေအချာ ရှိနေသည်။ ၎င်းမှာ ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုနှင့် အာဖဂန်နစ္စတန်၏ ရေရှည်ငြိမ်းချမ်းရေး၊ ရေရှည်တည်ငြိမ်ရေးတို့သည် အပြန်အလှန် ဆက်နွယ်နေသည် ဆိုသောအချက်ပင်ဖြစ်သည်။
စောသန္တာအေး
(Asia Times တွင်ဖော်ပြထားသည့် ‘China’s Belt and Road chugging along in Central Asia’ by M K BhadraKumar ကို မြန်မာဘာသာ ပြန်ဆိုပါသည်)