ဆေးလိပ်တွင်ပါဝင်သည့် နီကိုတင်းပမာဏကို လျှော့ချရန် အမေရိကန်အစိုးရ ကြိုးပမ်းနေ

စီးကရက်ကုမ္ပဏီများအား ဆေးလိပ်တွင်ပါဝင်သည့် နီကိုတင်းပမာဏကို သောက်သုံးသူများ စွဲလမ်းသည့်အဆင့်အထိ မရောက်အောင် လျှော့ချစေမည့် မူဝါဒအသစ်တစ်ရပ် ရေးဆွဲမည်ဟု ဘိုင်ဒန်အစိုးရအဖွဲ့က ဇွန်လ ၂၂ ရက်နေ့တွင် ကြေညာလိုက်သည်။

By Foreign Desk 22 Jun 2022

ဓာတ်ပုံ -AFP

DMG ၊ ဇွန် ၂၂

စီးကရက်ကုမ္ပဏီများအား ဆေးလိပ်တွင်ပါဝင်သည့် နီကိုတင်းပမာဏကို သောက်သုံးသူများ စွဲလမ်းသည့်အဆင့်အထိ မရောက်အောင် လျှော့ချစေမည့် မူဝါဒအသစ်တစ်ရပ် ရေးဆွဲမည်ဟု ဘိုင်ဒန်အစိုးရအဖွဲ့က ဇွန်လ ၂၂ ရက်နေ့တွင် ကြေညာလိုက်သည်။

ယခုမူဝါဒအသစ်သာ အောင်မြင်ခဲ့မည်ဆိုပါက ဤရာစုနှစ်ကုန်တွင် လူ့အသက် သန်းပေါင်းများစွာကို ကယ်ဆယ်နိုင်မည်ဖြစ်သလို ဆေးလိပ်စွဲခြင်းနှင့် ရောဂါဘယ အမျိုးအစား အများပြားကိုလည်း ရှောင်လွှဲနိုင်မည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဤမူဝါဒကို အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA) က စီမံရေးဆွဲကာ စည်းကမ်းထုတ်ပြန်ရမည်ဖြစ်ပြီး စက်မှုလုပ်ငန်းများ၏ ကန့်ကွက်မှုများလည်း ရင်ဆိုင်ရဖွယ် ရှိနေသည်။

“နီကိုတင်းဟာ လူကို စွဲစေတဲ့ဓာတ်ပါ” ဟု FDA အကြီးအကဲ ရောဘက်ကာလစ်က ကြေညာချက်တစ်စောင်၌ ထည့်သွင်းပြောကြားထားသည်။

“ဆေးလိပ်နဲ့ အခြား ဆေးရွက်ကြီးထုတ်ကုန်တွေကို စွဲလမ်းမှု အနည်းဆုံးဖြစ်အောင် ဒါမှမဟုတ် မစွဲအောင် ထုတ်လုပ်ခြင်းဖြင့် အသက်ပေါင်းမြောက်များစွာကို ကူညီကယ်ဆယ်နိုင်ပါလိမ့်မယ်” ဟု သူကပြောသည်။

ဤမူဝါဒ အသက်ဝင်ရန် နှစ်ပေါင်းများစွာ ကြာနိုင်သေးသလို ဆိုင်းငံ့ခံထားရခြင်းလည်း ရှိနိုင်ကြောင်း အေအက်ဖ်ပီက ဖော်ပြသည်။

နီကိုတင်းသည် အသုံးပြုချိန်၌ လူ၏စိတ်တွင် ကောင်းမွန်သောအာရုံဖြစ်စေသည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်ကာ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အီး-စီးကရက်များတွင် အဓိကပါဝင်သည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးတွင် ပါဝင်သည့် ထောင်နှင့်ချီသော ဓာတုပစ္စည်းအမျိုးအစားများကြောင့် ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဆုတ်ရောဂါ၊ ဆီးချိုသွေးချိုနှင့် အခြားသောရောဂါ အမျိုးမျိုး ဖြစ်ပွားစေနိုင်သည်။

အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် ဆေးလိပ်ကြောင့် သေဆုံးရသူ ၄၈၀၀၀၀ ခန့်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။