သီရိလင်္ကာတွင် ဆန္ဒပြသူရာပေါင်းများစွာ သမ္မတနေအိမ်ကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်း

စီးပွားရေးကျပ်တည်းမှု ပိုမိုဆိုးရွားလာနေသည့် သီရိလင်္ကာနိုင်ငံတွင် ကြာသပတေးနေ့က သမ္မတနေအိမ်သို့ ဆန္ဒပြသူရာပေါင်းများစွာ ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့သဖြင့် သီရိလင်္ကာရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရေပိုက်များဖြင့် လူစုခွဲခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

01 Apr 2022

ဓာတ်ပုံများ - မတ်လ ၃၁ ရက်နေ့ညက သီရိလင်္ကာသမ္မတသီးသန့်အိမ်ရာ ပြင်ပတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုမြင်ကွင်းများ။ (ဓာတ်ပုံ - AP)

DMG | ဧပြီ ၁

စီးပွားရေးကျပ်တည်းမှု ပိုမိုဆိုးရွားလာနေသည့် သီရိလင်္ကာနိုင်ငံတွင် ကြာသပတေးနေ့က သမ္မတနေအိမ်သို့ ဆန္ဒပြသူရာပေါင်းများစွာ ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့သဖြင့် သီရိလင်္ကာရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရေပိုက်များဖြင့် လူစုခွဲခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူဦးရေ ၂၂ သန်းရှိသည့် သီရိလင်္ကာနိုင်ငံသည် လွတ်လပ်ရေးရပြီးကာလ နောက်ပိုင်းတွင် အဆိုးဆုံး စီးပွားရေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် နိုင်ငံအတွက် အရေးအကြီးဆုံး သွင်းကုန်များကိုပင် မဝယ်ယူနိုင် ဖြစ်နေသည်။

မတ်လ ၃၁ ရက်နေ့ကဆိုလျှင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီဆိုင်များတွင် ဒီဇယ်ပြတ်လပ်မှုကြောင့် အများပြည်သူ ခရီးသွားလာမှုများ အကြီးအကျယ် ထိခိုက်ခဲ့ကြောင်း အစိုးရအရာရှိများ၏ ပြောကြားချက်များနှင့် မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

ဒီဇယ်ပြတ်လပ်မှုများကြောင့် ပြီးခဲ့သော ရက်ပိုင်းတွင် နိုင်ငံတစ်ဝန်း၌ မငြိမ်သက်မှုများ ပေါ်ပေါက်ခဲ့သည်။ သို့သော်လည်း ဆန္ဒပြသူများသည် ကြာသပတေးနေ့ မတိုင်မီအထိ နိုင်ငံထိပ်တန်းခေါင်းဆောင်များအပေါ် ပစ်မှတ်ထားမှု မရှိခဲ့ပေ။

ကိုလံဘိုရှိ သမ္မတ ဂိုတာဘာယာရာဂျာပါဆာနေထိုင်သော အိမ်ရာအိမ်ပြင်ပတွင် ဆန္ဒပြသူများက လမ်းများကို ပိတ်ဆို့မှုများ နှစ်နာရီကျော် ကြာမြင့်ခဲ့ပြီးနောက်တွင် အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များသည် ဆန္ဒပြသမားများအား နှိမ်နင်းခဲ့သည်။

“သမ္မတနဲ့ သူ့မိသားစုဝင်တွေကို နုတ်ထွက်ပေးကို လူတွေက အော်ဟစ်တောင်းဆိုနေကြတာ” ဟု ဒေသခံတစ်ဦးက အေအက်ဖ်ပီသို့ ဖြေကြားသည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်များ၌  ဆန္ဒပြသူများသည် “အရူးကောင်၊ ကိုယ့်အိမ်ကိုယ်ပြန်သွား” ဟု အော်ဟစ်ဆန္ဒပြနေသည်ကို တွေ့ရသည်။

အစိုးရအုပ်ချုပ်ရေးပိုင်းတွင် သမ္မတ၏ ဆွေမျိုးအများအပြားရှိနေကာ ဝန်ကြီးချုပ်သည် သမ္မတ၏ အစ်ကိုဖြစ်ပြီး ညီအငယ်ဆုံးသည်လည်း ဘဏ္ဍာရေးပိုင်း တာဝန်ရှိသူနေရာကို ရယူထားသည်။ သမ္မတ၏ အကြီးဆုံးအစ်ကိုသည် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဖြစ်ပြီး တူတော်စပ်သူသည်လည်း အားကစားဝန်ကြီးတစ်ဦး ဖြစ်သည်။

သီရိလင်္ကာတွင် ဒီဇယ်ဆီမလုံလောက်မှုကြောင့် လျှပ်စစ်မီးများအား ကြာသပတေးနေ့မှစတင်၍ တစ်နေ့လျှင် ၁၃ နာရီ ဖြတ်တောက်မည်ဟု ကြေညာထားသည်။

လျှပ်စစ်မီးပြတ်တောက်မှုအပြင် ဒီဇယ်ဆီပြတ်လပ်မှုကြောင့် မိုဘိုင်းဖုန်းတာဝါတိုင်များသည် အရန်မီးစက်ကို အသုံးမပြုနိုင်သဖြင့် နေရာအနှံ့အပြား၌ ဖုန်းခေါ်ဆိုမှုများ အဆင်မပြေ ဖြစ်နေရသည်။

အစိုးရဆေးရုံများတွင်လည်း အရေးပေါ်ဆေးဝါးများ ပြတ်လပ်မှုကြောင့် ခွဲစိတ်မှုများ ရပ်ဆိုင်းထားရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

သီရိလင်္ကာအစိုးရအဖွဲ့က မိမိတို့အနေဖြင့် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ထံမှ ချေးငွေရယူရန် ကြိုးပမ်းနေသလို အိန္ဒိယနှင့် တရုတ်တို့ထံမှလည်း ငွေထပ်ချေးရန် ကြိုပမ်းနေကြောင်း ပြောကြားထားသည်။