ကုလလုံခြုံရေးကောင်စီတွင် ကျင့်သုံးနေသော တစ်နိုင်ငံ ဗီတိုအာဏာစနစ်ကို အဆုံးသတ်နိုင်ရန် ဖင်လန်သမ္မတ ဆန္ဒရှိ

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တစ်နိုင်ငံတည်း၏ လက်ထဲ၌ ဗီတိုအာဏာ ကိုင်စွဲထားခြင်းမျိုး မဖြစ်သင့်ဟုလည်း ရိုက်တာ သတင်းဌာနနှင့်တွေ့ဆုံရာ၌ သမ္မတ စတတ်ဘ်က မှတ်ချက်ပေးခဲ့သည်။

By Admin 19 Sep 2024

ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပနေစဉ်။ (ဓာတ်ပုံ - AP)
ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပနေစဉ်။ (ဓာတ်ပုံ - AP)

ဖင်လန်သမ္မတ အလက်ဇန္ဒား စတတ်ဘ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် လက်ရှိကျင့်သုံးနေသော ဗီတိုအာဏာစနစ်ကို ဖျက်သိမ်းပစ်ရန်နှင့် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကဲ့သို့ “တရားမဝင်စစ်ပွဲ” တစ်ရပ်နှင့် ဆက်နွယ်နေသည့် မည်သည့် အဖွဲ့ဝင်နိုင်ငံကိုမဆို ဆိုင်းငံ့ထားပေးရန် တောင်းဆိုလိုက်သည်။

နော်ဒစ်နိုင်ငံတစ်ခုဖြစ်သော ဖင်လန်နိုင်ငံ၏ နိုင်ငံခြားရေးရာပေါ်လစီကို ဦးဆောင်နေသော စတတ်ဘ်သည် လာမည့်သီတင်းပတ်အတွင်း၌ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တောင်းဆိုမှုများကို လုပ်ဆောင်သွားရန် ဆန္ဒရှိနေပြီး အဆိုပါညီလာခံတွင် အဖွဲ့အစည်း၏လုံခြုံရေးကောင်စီ ဖွဲ့စည်းပုံကို ဆွေးနွေးရန် ၎င်း၏အသံကို ထည့်သွင်းထုတ်ဖော်သွားမည်ဟု သမ္မတ စတတ်ဘ်က အသိပေးထားသည်။

အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံနှင့် အလှည့်ကျအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ ပါဝင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဦးတည်ချက်မှာ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ဖြစ်သော်လည်း ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုများရှိလာခဲ့အပြီးတွင် ယူကရိန်းမှနေ၍ ဂါဇာကမ်းမြောင်ဒေသအထိ ပြဿနာများမှာ မပြီးစီးနိုင်၊ မရပ်တန့်နိုင် ဖြစ်သွားခဲ့ရသည်။

သမ္မတ စတတ်ဘ်သည် စက်တင်ဘာလ ၁၇ ရက်နေ့က သတင်းဌာနတစ်ခုနှင့် တွေ့ဆုံခဲ့သော အင်တာဗျူးအစီအစဉ်တွင် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ အရေအတွက်ကို ငါးနိုင်ငံမှနေ၍ ၁၀ နိုင်ငံသို့ တိုးမြှင့်ရန် အဆိုပြုမည်ဟု ပြောကြားထားပြီး ထပ်တိုး ငါးနိုင်ငံအဖြစ် လက်တင်အမေရိက တစ်နိုင်ငံ၊ အာဖရိက နှစ်နိုင်ငံနှင့် အာရှ နှစ်နိုင်ငံကို အဆိုပြုရန် သမ္မတ စတတ်ဘ်က ရည်ရွယ်ထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တစ်နိုင်ငံတည်း၏ လက်ထဲ၌ ဗီတိုအာဏာ ကိုင်စွဲထားခြင်းမျိုး မဖြစ်သင့်ဟုလည်း ရိုက်တာ သတင်းဌာနနှင့်တွေ့ဆုံရာ၌ သမ္မတ စတတ်ဘ်က မှတ်ချက်ပေးခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ အသုံးပြုခွင့်ရှိသော နိုင်ငံ ငါးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်နှင့် ရုရှားတို့ ဖြစ်ကြသည်။

အမေရိကန်ပြည်ထောင်စုသည်လည်း ဖင်လန်သမ္မတ စတတ်ဘ်ကဲ့သို့ပင် အာဖရိကနိုင်ငံ နှစ်နိုင်ငံကို အမြဲတမ်းအဖွဲ့ဝင် နှစ်နေရာစာအတွက် ထောက်ခံထားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေခြင်းကဲ့သို့ တရားမဝင်စစ်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်ပတ်သက်နေသော မည်သည့်အဖွဲ့ဝင် နိုင်ငံကိုမဆို ထုတ်ပယ်လိုက်သင့်သည်ဟုလည်း သမ္မတ စတတ်ဘ်က ပြောကြားသည်။

ရုရှားသည် အနောက်အုပ်စု၏ ရန်စမှုကို တုံ့ပြန်ရေးအတွက် ကြားခံနယ်မြေတစ်ရပ် ဖန်တီးခြင်း ဖြစ်သလို သမိုင်းအစဉ်အဆက် ရုရှား၏ပိုက်နက် ဖြစ်ခဲ့သည့် နေရာများကို သိမ်းယူခြင်းသာ ဖြစ်ကြောင်းဖြင့် ယူကရိန်းအပေါ် ကျူးကျော်စစ်အား တရားမျှတကြောင်း အကြောင်းပြချက် ပေးထားသည်။

သမ္မတ စတတ်ဘ်က မိမိ၏အဆိုပြုချက်သည် အဖွဲ့ဝင်နိုင်ငံငယ်များက ပြောလေ့ရှိသည်ထက် ကျော်လွန်နေသည်ဆိုခြင်းကို သတိပြုမိကြောင်းနှင့် ထိုသို့ မလုပ်လျှင်လည်း နိုင်ငံကြီးများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဩဇာ အားနည်သွားစေမည့် အဆိုပြုချက်ကို ကိုယ်တိုင် တင်သွင်းကြလိမ့်မည်တော့ မဟုတ်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။