ဘိုင်ဒန်နှင့် ရှီကျင့်ဖျင် လာမည့်သီတင်းပတ်များအတွင်း တွေ့ဆုံနိုင်ခြေရှိဟု အိမ်ဖြူတော်ပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် လာမည့်သီတင်းပတ်များအတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်က မေလ ၁၉ ရက်နေ့က Air Force One လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။

23 May 2022

ဓာတ်ပုံ - AP

DMG ၊ မေ ၂၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် လာမည့်သီတင်းပတ်များအတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်က မေလ ၁၉ ရက်နေ့က Air Force One လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။

“လာမယ့် သီတင်းပတ်တွေထဲမှာ သမ္မတဘိုင်ဒင် နဲ့ သမ္မတရှီတို့ ထပ်ပြီး စကားပြောဖြစ်ကြတယ် ဆိုရင် ကျွန်တော့်အနေနဲ့ အံ့သြမိမှာ မဟုတ်ပါဘူး” ဟု ဆာလီဗန်ကပြောကြားသည်။

ဆာလီဗန်က မိမိသည် ရှီ၏ အဓိကနိုင်ငံခြားရေးမူဝါဒအကြံပေး ယန်ကျဲချီ နှင့် ဗုဒ္ဓဟူးနေ့တွင် စကားပြောခဲ့ပြီး "မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က စိုးရိမ်ပူပန်မှုတွေ၊ ဒီကိစ္စဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ မသက်ဆိုင်ဘူးလို့ ကျွန်တော်တို့ဘက်က မြင်တဲ့အကြောင်းတွေကို တိုက်ရိုက်ပြောဆိုခဲ့ကြတယ်" ဟု ပြောသည်။

"ဒါက အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ တရုတ်အနေနဲ့ မြောက်ကိုရီးယားရဲ့ ရန်စတာဖြစ်နိုင်ခြေရှိတဲ့ လုပ်ရပ်ကို လျှော့ချနိုင်တဲ့အရာတွေ တတ်နိုင်သမျှလုပ်ဖို့ စဉ်းစားသင့်တယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကောင်းမွန်စွာ အပြန်ပြန်အလှန်လှန် ဆွေးနွေးခဲ့ကြပါတယ်" ဟု ဆာလီဗန်က ပြောကြားခဲ့ပြီး ထိုင်ဝမ်ကိစ္စနှင့် အခြားကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

သောကြာနေ့ညနေတွင် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာသည့် ဘိုင်ဒန်အတွက်  သမ္မတသစ် ယွန်းဆောက်ယောနှင့် တွေ့ဆုံပြီး မြောက်ကိုရီးယားနိုင်ငံအရေး ဆွေးနွေးရန်မှာ ဦးစားပေးအစီအစဉ် ဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုအား ရပ်ဆိုင်းထားရေးကို အလေးမထားဘဲ ရှိကာ တောင်ကိုရီးယား၌ ဘိုင်ဒင်ရှိနေစဉ်တွင် နျူကလီယားဗုံးများ စမ်းသပ်မှုကိုပါ ပြန်လည်စတင်ရန် အလားအလာရှိနေပုံပေါ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။