မြန်မာ့အကျပ်အတည်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍ

နောက်ထပ် အကြောင်းရင်းတစ်ရပ်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို ဗမာအချင်းချင်းဖြစ်တဲ့ ပြဿနာအဖြစ် ရှုမြင်ကြတဲ့အချက် ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ တာရှည်ခဲ့တဲ့ ပြည်တွင်းစစ်၊ တိုင်းရင်းသားလူနည်းစုတွေ ချောင်ထိုးခံရမှု စတာတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေဟာ လူများစု ဗမာတိုင်းရင်းသားတွေ ဦးဆောင်တဲ့ စည်းလုံးညီညွတ်ရေးအပေါ် မယုံကြည်ဘဲ သံသယတွေ ရှိနေကြပါတယ်။

By Foreign Desk 19 Apr 2021

DMG ၊ ဧပြီ ၁၉
(ဘာသာပြန်ဆောင်းပါး)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ နှိမ်နင်းမှုကြောင့် သေဆုံးသူ ၇၀၀ ကျော် ရှိနေပါပြီ။ ဒီဖြစ်ရပ်နဲ့အတူ မြန်မာ့အနာဂတ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ၊ တပ်မတော်ကို ခုခံတွန်းလှန်မှုမှာ ဒီအဖွဲ့တွေ ပါကော ပါဦးမှာလား၊ ဘယ်အချိန် ဝင်ပါမှာလဲ ဆိုတဲ့ မေးခွန်းကလည်း ထွက်ပေါ်လာပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှုကို တွန်းလှန်ရေးမှာ ဒေသအားလုံးက တိုင်းရင်းသားပေါင်းစုံနဲ့တကွ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်ဖို့ လေ့လာသူတွေ၊ CDM လှုပ်ရှားသူတွေနဲ့ ဆန္ဒပြပြည်သူတွေက တောင်းဆိုထားကြပါတယ်။

အခုလို တောင်းဆိုမှုမှာ စစ်ရေးအရ ပါဝင်ပတ်သက်ဖို့ တောင်းဆိုတာလည်း ပါဝင်ပါတယ်။ ဒီအထဲမှာ မြန်မာစစ်တပ်အပေါ် ဝိုင်းပြီး စစ်ရေးအရ ဖိအားပေးကြဖို့ နိုင်ငံတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၀ ကျော်ကို တောင်းဆိုတာ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကို ကာကွယ်ဖို့ နိုင်ငံတကာက စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခွင့် ရှိတဲ့ R2P လို လုပ်ရပ်မျိုးအထိ တောင်းခံတာမျိုး ပါဝင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဗမာတိုင်းရင်းသား ခုခံလှုပ်ရှားသူတွေ ပူးပေါင်းပြီး ဖက်ဒရယ်တပ်မတော် ထူထောင်ကာ လက်နက်ကိုင်တော်လှန်မယ် ဆိုတဲ့စိတ်ကူးနဲ့ ညှိနှိုင်းမှုတွေလည်း ရှိနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေဟာ အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ အခြေစိုက်ကြပြီး စုစုပေါင်း တိုက်ခိုက်ရေးအင်အား ၈ သောင်းဝန်းကျင် ရှိပါတယ်။
အခြားတစ်ဘက်မှာတော့ မြန်မာ့တပ်မတော်ရဲ့ အင်အားဟာ ၄ သိန်းခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်ကေ) လို အဖွဲ့တွေဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ မြန်မာစစ်တပ်အပေါ် ထိရောက်တဲ့ အနေအထား တစ်ခုအထိ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒီမိုကရေစီအရေး ခုခံလှုပ်ရှားမှုတွေကို ထောက်ခံတဲ့ လေသံတွေ လက်နက်ကိုင်တပ်ဖွဲ့တွေဆီက ကနဦးမှာ မထွက်ခဲ့ပေမယ့် အာဏာသိမ်းမှုကို ရှုတ်ချတာ၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုတာတွေကတော့ ရှိလာနေပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ နဲ့ KIA တို့ဟာ အာဏာသိမ်းမှုကို ရှုတ်ချထားသလို သူတို့ဆီ တိမ်းရှောင်လာတဲ့ ဆန္ဒပြသူတွေကို အကာအကွယ်ပေးမယ်လို့ ပြောထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် ဆယ်ဖွဲ့ဟာ တပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆိုင်းငံ့ကြောင်း ကြေညာထားပါတယ်။ ကရင်နဲ့ ကချင် အုပ်စုတွေဟာ တပ်မတော်နဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှု တစ်ချို့ ရှိနေပြီး တပ်မတော်ဘက်က လက်တုံ့ပြန်မှုကြောင့် ကရင်ဒုက္ခသည် ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေရပါတယ်။

မြောက်ပိုင်းဘက်က ညီနောင်မဟာမိတ်အဖွဲ့ကတော့ တပ်မတော်က လူထုကို သတ်ဖြတ်မှုတွေ မရပ်တန့်ရင် ဆန္ဒပြသူတွေနဲ့ တစ်သားတည်း ရပ်တည်သွားမယ် ဆိုပြီး ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ညီနောင်မဟာမိတ် အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား အပစ်ရပ်ကာလဟာ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးသွားပါပြီ။ ဒါပေမဲ့ တခြားသော လက်နက်ကိုင်အဖွဲ့ အများအပြားကတော့ ဝစီပိတ်နေကြဆဲပါ။

လက်နက်ကိုင်အုပ်စု အများအပြား နှုတ်ဆိတ်နေတာကို သဘာဝကျကျ မြင်ကြည့်ရမယ် ဆိုရင်တော့ သူတို့ဟာ သိပ်လူလုံးမထွက်၊ ဘယ်ဘက်မှ ဝင်မပါဘဲ စောင့်ကြည့်နေတဲ့ သဘောလို့ပဲ ပြောရပါမယ်။

ဒီအဖွဲ့တွေ အနေနဲ့ အာဏာသိမ်းမှုကို ထောက်ခံတဲ့ ကြေညာချက်တွေ ထုတ်မယ်ဆိုရင် တပ်မတော်နဲ့ ယိုင်နဲ့နဲ့ ဆက်ဆံရေးတစ်ရပ် ရကောင်းရပါလိမ့်မယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ ရန်သူစာရင်းထဲ ပါသွားမှာပါ။ အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချစာတွေ ထုတ်ပြန်ရင်လည်း တပ်မတော်ရဲ့ မျက်မုန်းကျိုးမှုနဲ့အတူ လက်စားချေမှုကို ကောင်းကောင်းကြီး ရင်ဆိုင်ရခြေ ရှိတဲ့အတွက် သိပ်အရဲစွန့်ရာ ရောက်သွားနိုင်ပါတယ်။

နောက်ထပ် အကြောင်းရင်းတစ်ရပ်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို ဗမာအချင်းချင်းဖြစ်တဲ့ ပြဿနာအဖြစ် ရှုမြင်ကြတဲ့အချက် ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ တာရှည်ခဲ့တဲ့ ပြည်တွင်းစစ်၊ တိုင်းရင်းသားလူနည်းစုတွေ ချောင်ထိုးခံရမှု စတာတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေဟာ လူများစု ဗမာတိုင်းရင်းသားတွေ ဦးဆောင်တဲ့ စည်းလုံးညီညွတ်ရေးအပေါ် မယုံကြည်ဘဲ သံသယတွေ ရှိနေကြပါတယ်။

မြန်မာ့အရေး လေ့လာရေးသားနေသူ ဆောင်းပါးရှင် ဒေးဗစ်စကော့မာသီယယ်ဆင်ကတော့ အခုလို ထောက်ပြထားပါတယ်။

“CRPH ဟာ မကြာသေးခင်ကမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးကို အကြမ်းဖက်နဲ့ တရားမဝင် အဖွဲ့အစည်းစာရင်းက ပယ်ဖျက်ပေးခဲ့တယ်။ ဒါဟာ လက်ကမ်းကြိုဆိုတဲ့ သဘောပါ။ ဒါပေမဲ့ လက်နက်ကိုင်အုပ်စု အများအပြားကတော့ ဒီလို အပြုသဘော လက်ကမ်းကြိုဆိုမှုမျိုးကို NLD အာဏာရခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၂၀ ကြားကာလမှာ ဘာလို့ မလုပ်ခဲ့တာလဲ ဆိုပြီး စဉ်းစားကြပါလိမ့်မယ်။”
ဒီအဆင့်မှာ လုံးလုံးလျားလျား ဝင်ပါလိုက်လို့ ရလာမယ့် အကျိုးအမြတ်ကို လက်နက်ကိုင်တွေဘက်က မမြင်ကြတာလို့ပဲ ရိုးရိုးလေး တွေးလို့ ရနိုင်ပါတယ်။ သမိုင်းတစ်လျှောက် ကြုံခဲ့ရတဲ့ ဖြစ်စဉ်တွေကလည်း လက်နက်ကိုင်တွေရဲ့ စိတ်မှာ ရှိနေဦးမှာပါ။

ပထမဖြစ်စဉ်တစ်ခုက ၁၉၈၈ အာဏာသိမ်းမှုနဲ့ မြို့ပေါ်က ဒီမိုကရေစီအရေး ဆန္ဒပြမှုတွေကို စစ်တပ်က ဖြိုခွင်းတဲ့ဖြစ်ရပ် အပြီး ကာလတွေမှာပါ။ ဒီကာလမှာ ပြဿနာတစ်ပုံတစ်ခေါင်း ကြုံနေရတဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ အသက်ရှူချောင်ဖို့အတွက် နယ်စပ်တစ်လျှောက်က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နှစ်ဘက်သဘောတူ အပစ်ရပ်စာချုပ်တွေ အများအပြား ချုပ်ဆိုခဲ့ပါတယ်။
အခုလည်း မတ်လ ၃၁ ရက်နေ့ကစပြီး တပ်မတော်ဘက်က တစ်ဘက်သတ် အပစ်ရပ်ကြေညာထားပါတယ်။

ဒုတိယတစ်ချက်က ၁၉၉၀ အလွန်နှစ်တွေမှာ ဗမာအုပ်စုတွေလည်း ပါဝင်တဲ့ လက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစုတွေ မတည်မြဲခဲ့တဲ့ အချက်ဖြစ်ပါတယ်။ ဒီအထဲ ၁၉၇၀ ကျော် ၈၀ အလွန်နှစ်တွေမှာ အားပျော့သွားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဖြစ်ရပ်တွေကအစ ပါဝင်ပါလိမ့်မယ်။

တစ်ဘက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အခုလိုမျိုး တွက်ချက်နေတဲ့အတွက် အခွင့်အရေးသမား အဖြစ် မြင်ခံရခြေ ပိုများလာနေပါတယ်။  
တကယ်တမ်းမှာ လက်နက်ကိုင် ခေါင်းဆောင်ပိုင်းဟာ ဒီဖြစ်ရပ်တွေအပေါ် မျက်နှာလွှဲထားတဲ့ သဘောတော့ မဟုတ်ပါဘူး။ သွေးခွဲအုပ်ချုပ်မှုရဲ့ နောက်ဆက်တွဲ အကြောင်းတရားတွေကို သူတို့ နားလည်ပါတယ်။ သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် မြင်ကြသလို ဒီနိုင်ငံ ကြီးပွားချမ်းသာတာကို အမှန်တကယ် လိုလားတဲ့သဘောထားလည်း ရှိကြပါတယ်။ ဒီသဘောထားကို အထူးသဖြင့် လူနည်းစု တိုင်းရင်းသားတွေရဲ့ လူငယ်မျိုးဆက်သစ်တွေမှာ တွေ့မြင်ရပါတယ်။

ဒါပေမဲ့ လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေကို မခေါ်သွင်းခင်မှာ နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ ဒီအုပ်စုတွေ ကြားထဲက မတူကွဲပြားမှုတွေကို ကောင်းကောင်း နားလည်ထားသင့်ပါတယ်။ တချို့တွေက တရုတ်နဲ့၊ တချို့ကျတော့လည်း အနောက်နိုင်ငံတွေနဲ့ ပိုအလွမ်းသင့်ကြပြီး သူတို့အားလုံးဟာ ခြားနားတဲ့ နိုင်ငံရေးခံယူချက်နဲ့ ကမ္ဘာ့အမြင်တွေ သယ်ယူလာကြမှာပါ။
စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လုပ်နည်းလုပ်ဟန် အမျိုးစုံလင်မှုဟာ ကောင်းပါတယ်။ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားဟာလည်း တစ်သဘောတည်း ပါပဲ။

ဒါပေမဲ့ ကိုယ့်ရဲ့တောင်းဆိုချက်ကို ကိုယ်တိုင် သေသေချာချာ နားလည်သဘောပေါက်ဖို့ လိုပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေဟာ ဒီလှုပ်ရှားမှုကြီးမှာ လူထုရဲ့ ထောက်ခံမှုနဲ့အတူ တစ်သားတည်း ရှိနေမှာလား။ တပ်မတော်နေရာကို လူနည်းစုတိုင်းရင်းသား လက်နက်ကိုင်အုပ်စုနဲ့ အစားထိုးလိုက်တဲ့ သဘောသာသာပဲလား။ ဒီအုပ်စုဟာ စစ်ပုံစံ သွင်းထားတဲ့ အာဏာဖွဲ့စည်းမှု ဒါမှမဟုတ် ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာဖွဲ့စည်းမှု မိတ္တူပုံစံ နောက်တစ်မျိုးလား။

တိုင်းရင်းသားတွေရဲ့ စစ်အင်အားဟာ အတိတ်ကာလက မြန်မာစစ်တပ်ရဲ့ ထိပါးမှုကို တော်လှန်ဖို့ အမှန်တကယ် လိုအပ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ အဖွဲ့အစည်းတွင်း ပြုပြင်ပြောင်းလဲရေး အလားအလာက ဘယ်လိုရှိနေလဲ။

ဒီအချက်ဟာ တပ်မတော်အတွက်တော့ စစ်မှန်တဲ့ အားသာချက်တစ်ရပ် ဖြစ်ပါတယ်။ တပ်မတော်ဟာ ဒီအရှုပ်အထွေးထဲမှာ တိုင်းရင်းသားအုပ်စုတွေအတွက် ကံကြမ္မာနဲ့ အကျိုးစီးပွားကို အလွယ်တကူ မမြင်သာအောင် ဖန်တီးထားနိုင်သလို နိုင်ငံတစ်ဝန်း အုပ်ချုပ်ရေးကိုလည်း စစ်ပုံစံသွင်းထားတဲ့ ဖွဲ့စည်းပုံတွေနဲ့ ပုံစံတူ ပွားယူထားပါတယ်။
ဒီအတိတ်ကြောင်းကို ပြန်လည် ပြုပြင်ဖာထေးဖို့ အခွင့်အရေးတစ်ရပ်ကို လတ်တလော မြန်မာ့အကျပ်အတည်း ကတစ်ဆင့် ရရှိလာမယ်လို့သာ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

ရည်ညွှန်း - ‘As Myanmar coup persists, ethnic armed groups come under greater pressure to act’ by Dr Andrew Ong, CAN (ဓာတ်ပုံ - Myanmar Embassy Washington DC Website)