ငပလီမြို့အနီး စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ 

ငပလီမြို့နှင့် (၂)မိုင်ခန့်အကွာ ဂေါ့ကျေးရွာ အနီးပတ်ဝန်းကျင်တွင် ဇွန်လ ၂ ရက်၊ ညနေ ၄ နာရီခန့်မှစ၍ ယနေ့နံနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ 

By Admin 03 Jun 2024

စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှု မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ - CINCDS) 
စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှု မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ - CINCDS) 

DMG ၊ ဇွန် ၃ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေမြို့အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။ 

ငပလီမြို့နှင့် (၂)မိုင်ခန့်အကွာ ဂေါ့ကျေးရွာ အနီးပတ်ဝန်းကျင်တွင် ဇွန်လ ၂ ရက်၊ ညနေ ၄ နာရီခန့်မှစ၍ ယနေ့နံနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ 

“မနေ့က ညနေ့ကတည်းက စစ်ကောင်စီက ဂေါကျေးရွာအနီးကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲဖြစ်နေတယ်၊ နှစ်ဖက်ပစ်ခတ်နေကြတာ” ဟု ငပလီမြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီက ငပလီလေဆိပ်အနီးက လမ်းအားလုံးကို ပိတ်ထားသည့်အတွက် ဂေါ့၊ စပါးကြီးမှ ဒေသခံထောင်နှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ခွာ၍မရဘဲ ပိတ်မိနေကြကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားနေချိန်မှာ အရပ်သားတွေကို လွတ်လပ်စွာ တိမ်းရှောင်ခွင့်မပေးဘဲ စစ်ကောင်စီက အခုလို ပိတ်ဆို့တော့ ရွာသားတွေရဲ့လုံခြုံရေးအတွက် စိုးရိမ်ရတယ်” ဟု နောက်ထပ် သံတွဲဒေသခံတစ်ဦးက ပြောသည်။

ငပလီမြို့တွင် စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများဖြစ်သည့် ခလရ (၅၅) နှင့် ခမရ (၅၆၆) တို့ တပ်စွဲထားသည်။  

“အဲဒီတပ်ရင်းနှစ်ခုကျသွားရင်း သံတွဲမှာ စစ်ကောင်တပ်စခန်းတွေ မရှိတော့ဘူး။ အခု အဲဒီတပ်ရင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက အေအေလာတိုက်မှာကို တော်တော်လေးကြောက်လန့်နေကြတယ်။ အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ဂေါ့ကျေးရွာအနီးကို အေအေထိန်းချုပ်နိုင်ရင် စစ်ကောင်စီအတွက် တော်တော်လေးကို စိုးရိမ်ရတဲ့အခြေအနေလို့ ပြောလို့ရတယ်” ဟု သံတွဲမြို့က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ယမန်နေ့ ဇွန်လ ၂ ရက်က သံတွဲမြို့နှင့် ၂ မိုင်ကျော်ဝေးသည့် ခရမ်းမော်၊ တောင်ပေါက်ကျေးရွာနှင့် ဇိမ်ချောင်း၊ အလယ်ရွာ အနီးတစ်ဝိုက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။  

သံတွဲမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၁၃ ရက်မှစ၍ စစ်ကောင်စီနှင့် AA တို့တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်လနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သည်။ တိုက်ပွဲဧရိယာလည်း တဖြည်းဖြည်းကျယ်ပြန့်လာပြီး မြို့အနားထိနီးကပ်လာနေ၍ မြို့နေလူထုအပါအဝင် ဒေသခံသောင်းနှင့်ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။