စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်များကို သတိထားကြရန် AA တိုက်တွန်း

ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ထိလွယ်ရှလွယ်သော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင်နေ၍ ရခိုင်ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်ထဲ သက်ဆင်းမသွားရေး သတိထားစောင့်ကြည့်ရန် AA က တိုက်တွန်းလိုက်သည်။ 

By Admin 26 Mar 2024

၂၀၂၂ ခုနှစ်က ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာတစ်ခု၌ ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်တစ်ခုကို ULA/AA က အမှုစစ်ဆေးနေစဉ်။  
၂၀၂၂ ခုနှစ်က ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာတစ်ခု၌ ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်တစ်ခုကို ULA/AA က အမှုစစ်ဆေးနေစဉ်။  

စစ်ကောင်စီသည် စစ်ရေးအရရှုံးနိမ့်မှုကို အာရုံလွှဲရန်အတွက် လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်၍ မွတ်ဆလင်များအား အတင်းအဓမ္မစေခိုင်းကာ ဆန္ဒပြပွဲများပြုလုပ်နေသည်ဟု ရက္ခိုင့်တပ်တော်(AA)၏ မတ်လ ၂၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ(FRC) ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က “ဒေသခံရိုဟင်ဂျာ (မွတ်ဆလင်)တွေအနေနဲ့ အခုလို ဖိအားပေးခြိမ်းခြောက်ပြီး ပါဝင်ခိုင်းနေတာကို ရခိုင်ညီအစ်ကိုမောင်နှမများက နားလည်မှုလွှဲပြီး တင်းမာမှုတွေဖြစ်လာမှာကို အထူးစိုးရိမ်နေကြတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

ဘူးသီးတောင်မြို့ပေါ်တွင် မတ်လ ၁၉ ရက်က ရာနှင့်ချီသော မွတ်ဆလင်များသည် “AA အလိုမရှိ၊ တိုက်ပွဲ အလိုမရှိ၊ ဘူးသီးတောင်မြိုကို ကာကွယ်ကြ” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မတ်လ ၂၁ ရက်ကလည်း စစ်တွေမြို့တွင် မွတ်ဆလင်များက “AA အလိုမရှိ၊ စစ်တွေမြို့ကို ကာကွယ်ကြ၊ တိုက်ပွဲအလိုမရှိ၊ တိုင်းပြည်တည်ငြိမ်းအေးချမ်းရေးကို ဖျက်ဆီးနေသည့် NUG၊ AA အလိုမရှိ၊ လူနေရပ်ကွက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ AA သောင်းကျန်းသူများ အလိုမရှိ” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပြန်သည်။ 

ဓာတ်ပုံ - လူမှုကွန်ရက်

စစ်တွေမြို့၊ ဘုမေရပ်ကွက်နေ မွတ်ဆလင်များကို တစ်အိမ်လျှင်တစ်ဦးကျ “AAအလိုမရှိ”ဆန္ဒပြပွဲတွင် “မပါမနေရ” အမိန့်ထုတ်ထားပြီး ပြည်နယ်အဆင့်အာဏာပိုင်များကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဖိအားပေးစေခိုင်းကာ ဆန္ဒပြရာတွင်မပါဝင်လျှင် အရေးယူသွားမည်ဟု ခြိမ်းခြောက်ထားကြောင်း  မွတ်ဆလင် အသိုင်းအဝိုင်းထံမှ သိရသည်။ 

ရခိုင်ပြည်တွင် လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများကြောင့် ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်က လူမျိုးရေးပြဿနာများ ပေါ်ပေါက်ခဲ့ပြီး မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် သိန်းနှင့်ချီသည့် မွတ်ဆလင်များမှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။

“စစ်ကောင်စီက နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ ဘယ်လိုပဲ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးဖန်တီး၊ အောင်မြင်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေက အမှားအမှန်ကို ခွဲခြားသိမြင်နေကြပြီဖြစ်တယ်” ဟု ရခိုင်ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရခိုင်ဒေသတွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေသည့်အပြင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူစုဆောင်းနေ၍ လူငယ်အများအပြားမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

မွတ်ဆလင်များကိုလည်း စစ်သင်တန်းပေးကာ စစ်မြေပြင်သို့ အတင်းအဓမ္မပို့ဆောင်နေ၍ မွတ်ဆလင် အများအပြားမှာ ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ရာနယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်ကာ ခိုလှုံလျက်ရှိသည်။ 

ဗီဒီယိုများ