လက်နက်များဖြင့် ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သတိထားကြရန် AA ပြော

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မောင်တော၊ ဘူးသီးတောင်၊ အမ်း၊ သံတွဲ မြို့နယ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်ဝင်အချို့မှာ စခန်းစွန့်ခွာပြီး လက်နက်များဖြင့် ထွက်ပြေးခြင်းများရှိနေသည်။ 

By Admin 25 May 2024

လက်နက်များဖြင့် ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သတိထားကြရန် AA ပြော

DMG ၊ မေ ၂၅ 

ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်စခန်းများမှ လက်နက်များဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အန္တရာယ်ကို သတိထားနေထိုင်ကြရန် AA က ယမန်နေ့က ထုတ်ပြန်သည်။ 

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မောင်တော၊ ဘူးသီးတောင်၊ အမ်း၊ သံတွဲ မြို့နယ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်ဝင်အချို့မှာ စခန်းစွန့်ခွာပြီး လက်နက်များဖြင့် ထွက်ပြေးခြင်းများရှိနေသည်။ 

AA အရှိန်မြှင့်ထိုးစစ်ကြောင့် မောင်တောမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းစွန့်ခွာထွက်ပြေးခြင်းများ ရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“မောင်တောမှာက စစ်ကောင်စီတပ်သားတွေဟာ ဒီဒေသကနေရာတွေအပြင် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတယ်။ ထွက်ပြေးသွားသူတွေကို AA က လိုက်လံရှင်းလင်းနေတော့ စစ်ကောင်စီတပ်သားတွေက ဒီဒေသထက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတာများတယ်” ဟု သူက ပြောသည်။ 

မေလ ၂၂ ရက်က မောင်တောမြို့နယ်ရှိ နခခ (၂) ဌာနချုပ်ကို AA က သိမ်းပိုက်ပြီးနောက်တွင်လည်း အဆိုပါစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထွက်ပြေးသွား၍ AA က လိုက်လံချေမှုန်းနေကြောင်း သိရသည်။

မေလ ၁၈ ရက်ကလည်း စစ်ကောင်စီ၏ မောရဝတီ စခန်းနှင့် လေးမိုင် နခခ(၂)ဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်မှာ နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားခဲ့ကြသည်။ 

“စစ်ကောင်စီတပ်သားတွေဟာ နေရာအမျိုးမျိုးမှာ ထွက်ပြေးလွတ်မြောက်နေနိုင်တယ်။ သူတို့တွေက ပြည်သူတွေကို အချိန်မရွေးအန္တရာယ်ပေးလာနိုင်တယ်။ အခန့်မသင့်ရင် သူတို့တွေရဲ့ပစ်ခတ်တာတွေကို ခံရနိုင်တယ်။ ဆိုတော့ ပြည်သူတွေအနေနဲ့ အထူးသတိထားဖို့ လိုအပ်တယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျားခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ဟု ထင်ရသောနေရာများနှင့် ကျေးရွာများ၊ ဘူးသီးတောင်မြို့အတွင်းသို့ ထွက်ပြေးသွားကြ၍ မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန် "အထူး" သတိပေးအပ်ကြောင်း AA က မေလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများနှင့် စစ်သင်တန်းဆင်းပြီးနောက် စစ်ကောင်စီနှင့်ပူးပေါင်းကာ AA ကို တိုက်ခိုက်နေသည့် စစ်သွေးကြွမွတ်ဆလင်များကိုလည်း လိုက်လံရှင်းလင်းတိုက်ခိုက်နေကြောင်း ထုတ်ပြန်သည်။ 

“ကျနော်တို့ဘက်မှာတော့ ရွာလုံခြုံရေးအတွက် ညအချိန်ကင်းစောင့်ကြတာတွေရှိတယ်။ အလှည့်ကျစီပေါ့။ အခုကာလမှာ စစ်ကောင်စီတပ်သားတွေက လက်နက်တွေနဲ့ ထွက်ပြေးနေကြတာတွေရှိတယ်ဆိုတော့ ပိုပြီး သတိထားရတာပေါ့ ” ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက ပြောသည်။ 

ဘူးသီးတောင်မြို့နယ်တစ်လုံးကို AA က မေလ ၁၈ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒေသအတွင်း လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေခြင်းဖြစ်သည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစသည့် စစ်ကောင်စီနှင့် AA တို့၏ တိုက်ပွဲများမှာ ၆ လကျော်အထိကြာမြင့်လာပြီး ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။