- စစ်ကောင်စီလက်ချက်ကြောင့် ကျန်းမာရေးဝန်ထမ်း ၂၆၀ ကျော် ထိခိုက်သေဆုံးခဲ့ရကြောင်း ကုလပြော
- တောင်ကုတ် စကခ(၅) တိုက်ပွဲပြင်းထန် (အလံဖြူထောင် အညံ့ခံသူ အချို့ရှိ)
- မောင်တော နခခ(၅)မှ ထွက်ပြေးသွားသူများ ဒေသခံများကို အန္တရာယ်ပြုနေ
- မောင်တောကျပြီးနောက် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့သစ်တစ်ဖွဲ့ ထွက်ပေါ်လာ
- အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ဘိန်းအထွက်နှုန်း ပထမဆုံးအကြိမ် ကျဆင်းသွားကြောင်း ကုလထုတ်ပြန်
AA က ဂွမြို့အခြေစိုက်တပ်ရင်းကို တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲစတင်
AA သည် ဂွမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းအချိန်တွင် ခမရ (၅၆၃) တပ်ရင်းကို စတင်တိုက်ခိုက်ခဲ့သည်။
14 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်၊ ဂွမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၆၂)၊ ခမရ (၅၆၃) တပ်ရင်းနှစ်ခုအနက် ခမရ (၅၆၃) ကို အာရက္ခတပ်တော်(AA) က ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ စတင်လိုက်ပြီဖြစ်ကြောင် AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
AA သည် ဂွမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းအချိန်တွင် ခမရ (၅၆၃) တပ်ရင်းကို စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“တိုက်ပွဲက မြို့ထိရောက်လာပြီဗျ။ ညကလည်း ၅၆၃ တပ်ရင်းကို AA က ဝင်တိုက်တာပါ။ တစ်ညလုံးလည်း တိုက်ပွဲပြင်းခဲ့တယ်။ အဲဒီတပ်မှာ ၅၆၂ က တပ်သားတွေပါ တစ်စုတည်းပေါင်းထားတာ။ ဒီနေ့မနက်အထိ တိုက်ပွဲဖြစ်သံတွေ အများကြီး ကြားရသေးတယ်။ စစ်ကောင်စီအရာရှိတွေလည်း ကျတယ်လို့သိရတယ်။ နောက်ဆက်တွဲအခြေအနေတော့ မသိရသေးဘူး” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
AA က မြို့ပေါ်တပ်ရင်းများထိ ထိုးစစ်ဆင်လာခြင်းကြောင့် ဂွမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ ဂွချောင်းတံတားကိုဖြတ်၍ ဧရာဝတီဘက်ခြမ်း မကျေးငူရွာဘက်သို့ ဆုတ်ခွာသွားကြကြောင်း သိရသည်။
စစ်ကောင်စီသည် AA ထိုးစစ်ကိုခုခံရန် ယနေ့ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းတွင် ဧရာဝတီဘက်မှ စစ်ကား ၁၅ စီးဖြင့် ဂွမြို့ဘက်သို့ စစ်ကူစေလွှတ်ခဲ့ကြောင်းလည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
“၅၆၃ မှာတိုက်ပွဲဖြစ်လို့ မြို့မရဲစခန်းက စကစတပ်ဖွဲ့ဝင်တွေ ဧရာဝတီဖက်ကို ထွက်ပြေးသွားပြီ။ စကစဖက်ကတော့ လက်နက်ကြီးတွေနဲ့ အကြီးအကျယ် လှမ်းထုနေပါတယ်။ ဧရာဝတီဖက်ကတော့ လူ၊ လက်နက် အကုန်လုံးအပြည့်နဲ့ စစ်ကား ၁၅ စီးတက်သွားတယ်” ဟု စစ်ရေးသတင်းရင်းမြစ် နောက်တစ်ဦးက ပြောသည်။
AA က စစ်ကောင်စီတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်ကာ ဂွမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီဖြစ်၍ မြို့တွင်းဒေသခံများမှာ ဘေးလွတ်ရာတိမ်းရှောင်ရန် အခက်ကြုံနေကြပြီး တိုက်ပွဲအတွင်း ပိတ်မိသွားမည်ကို စိုးရိမ်ထိတ်လန်နေ့ကြသည်။
ဂွမြို့ခံတစ်ဦးက “ဒီလအတွင်း ပြန်ဝင်လာကြတဲ့ ဒေသခံတွေကတော့ အခု ပြန်ထွက်ဖို့အတွက် အဆင်မပြေ ဖြစ်နေကြတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ နေနေကြရတယ်” ဟု ပြောသည်။
AA သည် မောင်တောဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် တောင်ကုတ်၊ အမ်းနှင့် ဂွ ဂွမြို့နယ်များကို ထပ်မံသိန်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်အရှိန်မြင့်ကာ ဆက်လက်တိုက်ခိုက်နေသည်။