ဘုရားပုထိုးများတွင် တပ်စွဲထားခြင်းကို ရုတ်သိမ်းပေးရန် ရခိုင်က ဒေသခံများတောင်းဆို

ပွင့်လင်းရာသီတွင် လွတ်လပ်စွာလည်ပတ်ခွင့်၊ ဘုရားဖူးခွင့်ရရှိရေးအတွက် ရခိုင်ပြည်အတွင်းက ဘုရားပုထိုးစေတီများတွင် တပ်စွဲနေထိုင်နေသည့် တပ်စခန်းများကို ရုတ်သိမ်းပေးရန် ဒေသခံများက လိုလားနေကြသည်။

By Admin 24 Oct 2023

သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်ကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။
သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်ကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၄

ပွင့်လင်းရာသီတွင် လွတ်လပ်စွာလည်ပတ်ခွင့်၊ ဘုရားဖူးခွင့်ရရှိရေးအတွက် ရခိုင်ပြည်အတွင်းက ဘုရားပုထိုးစေတီများတွင် တပ်စွဲနေထိုင်နေသည့် တပ်စခန်းများကို ရုတ်သိမ်းပေးရန် ဒေသခံများက လိုလားနေကြသည်။

မကြာမီ သီတင်းကျွတ်ပွဲတော် ကျရောက်တော့မည်ဖြစ်သော်လည်း စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်နေ၍ မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်ဘုရားသို့ သွားရောက်ဖူးမြော်နိုင်မည်မဟုတ်ကြောင်း မြောက်ဦးဒေသခံများက ပြောဆိုကြသည်။

“သူတို့ (စစ်ကောင်စီတပ်)ရှိတော့ ဘယ်ဘုရားဖူးတွေမှ မသွားရဲကြဘူး။ ကျမတို့လည်း မသွားရဲဘူး။ ဘုရားတောင်ပေါ်မှာ မကျတို့ စိုက်ပျိုးထားတဲ့ စံကားပင်တွေလည်း ခုတ်လှဲလိုက်ပြီလို့ ကြားရတယ်။ သူတို့တပ်တွေကို အမြန်ဆုံးရုတ်သိမ်းပေးစေချင်တယ်” ဟု မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ ဒေါ်သိန်းမေကပြောသည်။

သင်းကျစ်တော်ဘုရားတောင်ပေါ်တွင် စစ်ကောင်စီတပ်မှ တပ်စွဲထားမှုကြောင့် နှစ်စဉ်ကျင်းပလေ့ရှိသော ဘုရားပွဲတော်ကို မကျင်းပနိုင်သည့်အပြင် သွားရောက်ဖူးမျှော်ခွင့် မရသည်မှာလည်း ၅ နှစ်ခန့် ရှိခဲ့ပြီဖြစ်သည်။

ရခိုင်ပြည်အတွင်းက အထင်ကရဘုရားပုထိုးများဖြစ်သည့် မြောက်ဦးမြို့နယ်မှ သင်းကျစ်တော်စေတီ၊ လင်းမြွေတောင်ဘုရား၊ ကျောက်တော်မြို့ရှိ သေလာဂီရိမောရပဗ္ဗတတောင်၊ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရားနှင့် ပန်းမြောင်းကျေးရွာအတွင်းရှိ အောင်မင်္ဂလာစေတီအပြင် ကျေးရွာအနီးရှိ တောင်ဖြူတောင်စေတီတို့တွင် စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်လျက်ရှိသည်။

ယင်းအပြင် ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ်တစ်ဘုံစေတီ၊ ဂူဒါပြင်ကျေးရွာအနီးရှိ သရက်တောင်စေတီနှင့် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအနီး မဟာဇေယျသိဒ္ဓိအောင်တော်မူစေတီတို့တွင်လည်း ယခုအချိန်ထိ တပ်စွဲနေထိုင်နေဆဲကြောင်း ဒေသခံများထံမှ သိရသည်။

ထိုဘုရားပုထိုးစေတီများတွင် စစ်ကောင်စီတပ်မှ ၂၀၁၉ ခုနှစ်မှစ၍ တပ်စွဲနေထိုင်နေသည်မှာ လက်ရှိတွင် ၅ နှစ်ခန့် ကြာမြင့်လာခဲ့ပြီလည်းဖြစ်သည်။

“ကျနော်တို့ရွာနားက စေတီမှာတော့ အခုချိန်ထိ သူတို့(စစ်ကောင်စီတပ်)တွေ ရှိသေးတယ်။ ရွားသားတွေလည်း ဘယ်သူမှ သွားဖူးလို့မရဘူး။ ရွားသားတွေက သီတင်းကျွတ်၊ သင်္ကြန်ကာလတွေဆိုရင် တောင်ပေါ်သွားပြီး ဘုရားဖူးကြတယ်။ ခုက ဖူးလို့မရတော့ဘူး” ဟု ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ ကိုအေးအောင်က ပြောသည်။

ကျောက်တော်မြို့ရှိ သမိုင်းဝင်သေလာဂီရိမောရပဗ္ဗတတောင်နှင့် မင်းပြားမြို့ရှိ သမိုင်းဝင် ကျိန်းတောင်ဘုရားတို့တွင် ဘုရားဖူးဧည့်သည်များကို ဖူးမျှော်ရန် သွားလာခွင့်ပေးထားကြောင်း သိရသည်။

သို့သော် ဘုရားပုရဝုဏ်အတွင်း စစ်ကောင်စီတပ်စခန်းများရှိနေ၍ ဘုရားဖူးဧည့်သည်များမှာ စိုးရိမ်စိတ်ဖြင့် ဖူးမြော်နေရသည့်အတွက် တပ်စခန်းများကို ရုပ်သိမ်းပေးစေရန် ဘုရားဂေါပကအဖွဲ့က တောင်းဆိုထားသည်။

“ကျောက်တော်တောင်မှာတော့ ရဲဝတ်စုံနဲ့တစ်ဖွဲ့၊ စစ်ဝတ်စုံနဲ့တစ်ဖွဲ့တော့ ရှိတယ်။ ဘာမှလုပ်တာတော့ မရှိပါဘူး။ ဘုရားဖူးလို့တော့ရတယ်။ ဒါပေမယ့် ဘုရားဖူးတွေအတွက်တော့ နည်းနည်း စိတ်မသက်မသာ ဖြစ်ကောင်းဖြစ်နိုင်မယ်” ဟု ကျောက်တော်တောင် ဘုရားဂေါပက အတွင်းရေးမှူး ဦးကျော်ကျော်က ပြောသည်။

ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ်တစ်ဘုံစေတီတွင် တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် စေတီပုထိုးများ ပျက်စီးသွားပြီး လက်ရှိ စစ်ကောင်စီမှ တပ်စွဲထား၍ ဘုရားဖူးခွင့်မရသည့်အပြင် ပြုပြင်ထိန်းသိမ်းရန်လည်း အခက်အခဲရှိကြောင်း ဒေသခံများကဆိုသည်။

“သူတို့(စစ်ကောင်စီ) တပ်သားတွေက စေတီပေါ်မှာ ခုထိရှိသေးတယ်။ ရွာသားတွေလည်းကြောက်လို့ ဘယ်သူမှ မသွားရဲကြဘူး။ ပျက်စီးတာတွေ ပြုပြင်ဖို့လဲ မသွားရဲကြဘူး။ ရွာမှာလည်း အိမ်တွေ အကုန်ပျက်စီးသွားပြီ။ ရွာမှာ လူမရှိတော့ ဘုရားပုထိုးတွေကို ပြုပြင်မှုလည်းမလုပ်နိုင်ဘူး” ဟု ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်ကျေးရွာမှ ဦးခင်မောင်သန်းက ပြောသည်။

ရခိုင်ပြည်အတွင်း အထင်ကရဘုရားပုထိုးစေတီများတွင် ယခုအချိန်ထိ တပ်စွဲထားခြင်းမှာ မဖြစ်သင့်ကြောင်း၊ နိုင်ငံတကာဥပဒေ ကန့်သတ်ချက်ထားသည့် စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်သည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုကြသည်။

“ဒီလို အပစ်အခတ်ရပ်စဲထားတဲ့ကာလမျိုးမှာ သူတို့အနေနဲ့ ရုတ်သိမ်းပေးဖို့လိုတယ်။ သူတို့(စစ်ကောင်စီတပ်) အခုလို တပ်စွဲထားတဲ့အတွက် ဒေသခံတွေမှာလည်း သက်ဆိုင်ရာ ဘုရာပုထိုးတွေနဲ့ပတ်သက်လို့ နှစ်စဉ်လုပ်လေ့ရှိတဲ့ ပူဇော်ပွဲတွေ မလုပ်ဖြစ်ကြတော့ဘူး” ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

ဘုရားပုထိုးစေတီများတွင် တပ်စွဲနေထိုင်နေခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် တိုက်ပွဲပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာများ၊ သမိုင်းဝင်ဘုရားပုထိုးများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများတို့တွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ တပ်စွဲနေရာယူခွင့် မပြုသင့်ကြောင်း ပြဌာန်းထားသည်။