လေကြောင်းပစ်မှတ်အောက်က မြို့တွေ၊ ရွာတွေ၊ အသက်တွေ

လက်နက်ကိုင်အဖွဲ့တွေ နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ လူ့အသက်ပေါင်းများစွာကို တစ်နေရာတည်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်နိုင်စွမ်းရှိတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်အုပ်စုဟာ မြို့တွေ၊ ရွာတွေမှာ မဆင်မခြင် လုပ်ဆောင်လာနေတာပါ။

By Admin 17 Oct 2024

လေကြောင်းပစ်မှတ်အောက်က မြို့တွေ၊ ရွာတွေ၊ အသက်တွေ

စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ တော်လှန်မှုတွေကို မထိန်းနိုင်တဲ့ စစ်ကောင်စီဟာ လေကြောင်းကို အဓိကသုံးပြီး တုန့်ပြန်နေတာကို တွေ့မြင်ရမှာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရင်က တိုင်းရင်းသားလက်နက်ကိုင် စခန်းတွေကိုသာ ခြိမ်းခြောက်ခဲ့ပေမယ့် အခုအချိန်မှာ အရပ်သားတွေနေထိုင်ရာ မြို့တွေ၊ ရွာတွေအထိ ရောက်ရှိလို့လာခဲ့ပါပြီ။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်ကုန်ပိုင်းအထိ ကာလတွေမှာ စစ်အုပ်စုရဲ့ လေကြောင်းကတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုတွေကို လေ့လာစောင့်ကြည့်မှုတွေအရ ပထမပစ်မှတ်ဟာ ERO တွေ၊ ဒုတိယပစ်မှတ်ဟာ အရပ်သားပြည်သူတွေနဲ့ တတိယပစ်မှတ်ဟာ PDF/LDF တွေ ဖြစ်တယ်လို့ဆိုပါတယ်။

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်လာချိန် မြန်မာတစ်နိုင်ငံလုံးမှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၈၁ မြို့အထိ ရှိလာနေပါတယ်။ အခုအခါမှာ အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့တွေ၊ ရွာတွေဟာ စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှုတွေရဲ့ ပထမပစ်မှတ်တွေ ဖြစ်လို့လာနေပါပြီ။

လက်နက်ကိုင်အဖွဲ့တွေ နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ လူ့အသက်ပေါင်းများစွာကို တစ်နေရာတည်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်နိုင်စွမ်းရှိတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်အုပ်စုဟာ မြို့တွေ၊ ရွာတွေမှာ မဆင်မခြင် လုပ်ဆောင်လာနေတာပါ။

စစ်အုပ်စုရဲ့ လေကြောင်းပစ်မှတ်တွေအောက်မှာ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ စစ်ဘေးရှောင်စခန်း၊ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေဟာ လုံခြုံမှု ကင်းမဲ့လာနေပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ အခုနှစ် မေလကနေ ဩဂုတ်လအထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၈၂၀ ကြိမ်ရှိခဲ့ပြီးတော့ တစ်ရက်ကို ပျှမ်းမျှ ၇ ကြိမ်နှုန်းအထိ တိုက်ခိုက်ခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဆိုပါတယ်။ တိုင်းနဲ့ပြည်နယ် ၁၂ ခုထဲမှာ ရခိုင်ကတော့ ၁၇၆ ကြိမ်နဲ့ လေကြောင်း တိုက်ခိုက်မှုအကြိမ်ရေ အများဆုံးဖြစ်ခဲ့ပါတယ်။

DMG က ကောက်ယူထားတဲ့စာရင်းအရ ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း အရပ်သားထိခိုက်သေဆုံးသူ ၄၀ ကျော်ရှိခဲ့ပြီး စက်တင်ဘာလတွင် ၈၀ ကျော်အထိ နှစ်ဆမြင့်တက်ခဲ့ပါတယ်။

သံတွဲမြို့က စစ်ဘေးရှောင်တွေနေထိုင်ရာ မြို့နယ်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတွေကို စက်တင်ဘာ ၂၆ ရက်နေ့မှာ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ၁၄ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

စစ်အုပ်စုက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေမှာ ERO တွေရဲ့ အုပ်ချုပ်ရေးယန္တရားတွေ အစားထိုး မလည်ပတ်နိုင်အောင်နဲ့ ERO တွေအပေါ် ပြည်သူတွေယုံကြည်မှု ကျဆင်းလာအောင်ရည်ရွယ်ပြီး စစ်အုပ်စုရဲ့ တစ်ခုတည်းသောအားထားရာ လေကြောင်းကိုသုံးပြီး တိုက်ခိုက်နေတာတွေ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ လက်နက်ကိုင်အဖွဲ့နဲ့ မသက်ဆိုင်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးနေရပေမယ့် စစ်အုပ်စုကတော့ အားကြိုးမာန်တက် ပစ်ခတ်ဆဲ၊ သတ်ဖြတ်ဆဲပါပဲ။

NCA (၉) နှစ်ပြည့်နေ့မှာ "လက်နက်ကိုင် တောင်းဆိုမှုတွေကို လိုက်လျောဖြေရှင်းပေးမှာ မဟုတ်ဘူး" ဆိုတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ဟာ နောက်ထပ်လည်း တိုက်ခိုက်မှုတွေ ဆက်ပြီးရှိနေအုံးမယ် ဆိုတာကို ဖော်ပြနေပါတယ်။

"မရဏကုန်စည်" ပဲပြောပြော၊ "သေမင်းတမန် လက်နက်ကုန်သွယ်မှု" ပဲဆိုဆို မြန်မာစစ်အုပ်စုကို လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးနေတာတွေ ရှိနေသရွှေ့တော့ မြန်မာအုပ်စုရဲ့ ပစ်မှတ်ထားတာကို မြို့တွေ၊ ရွာတွေ ခံနေကြရအုံးမှာဖြစ်ပါတယ်။