ရခိုင်တွင် စည်းကမ်းမဲ့ စက်သုံးဆီရောင်းချနေမှုကို ထိရောက်စွာ ကြပ်မတ်ရန် လိုအပ်နေ

စက်သုံးဆီများကို လူနေအိမ်အနီး လမ်းဘေးများ၊ ရပ်ကွက်များ၊ လမ်းမကြီးများနှင့် လူစည်ကားသည့်နေရာများတွင် စက်သုံးဆိုင်ငယ်များအဖြစ် ရောင်းချနေမှုများ ရှိနေသဖြင့် ဒေသခံများမှာ မီးဘေး အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

By Admin 25 Oct 2024

စည်းကမ်းမဲ့ စက်သုံးဆီရောင်းချနေမှုများကို သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
စည်းကမ်းမဲ့ စက်သုံးဆီရောင်းချနေမှုများကို သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

DMG ၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်အတွင်းက မြို့နယ်များတွင် စည်းကမ်းမဲ့ စက်သုံးဆီရောင်းချနေမှုများရှိနေသဖြင့် မီးဘေးအန္တရာယ် စိုးရိမ်စရာဖြစ်လာ၍ သက်ဆိုင်ရာအာဏာပိုင်များက ထိရောက်စွာ ကြပ်မတ်ပေးရန် လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

စက်သုံးဆီများကို လူနေအိမ်အနီး လမ်းဘေးများ၊ ရပ်ကွက်များ၊ လမ်းမကြီးများနှင့် လူစည်ကားသည့်နေရာများတွင် စက်သုံးဆိုင်ငယ်များအဖြစ် ရောင်းချနေမှုများ ရှိနေသဖြင့် ဒေသခံများမှာ မီးဘေး အန္တရာယ်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

" မြို့တွင်းမှာ ဓာတ်ဆီဆိုင်တွေ အများကြီးရှိနေတော့ မီးဘေးအန္တရာယ် စိုးရိမ်ရတယ်။ မတော်တဆ လက်နက်ကြီး၊ လေကြောင်းအန္တရာယ်တွေကြုံရင်လည်း ဆီဆိုင်တွေကြောင့် ပိုပြီးတော့ ထိခိုက်မှုတွေ ရှိလာနိုင်တယ်" ဟု မြေပုံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် မြို့နယ် (၁၇) ခုရှိသည့်အနက် လက်ရှိတိုက်ပွဲကာလအတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

မောင်တော၊ အမ်း၊ ဂွမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်မြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA တို့ စစ်ရေးတင်းမာနေသည်။

အာရက္ခတပ်တော်(AA) ထိန်းချုပ်သည့် မြို့နယ်အချို့တွင် စက်သုံးဆီ ဆိုင်ငယ်များကို မြို့တွင်းနေရာများ၌ ရောင်းချခြင်းမပြုရန် ပြီးခဲ့သည့် ဇူလိုင်လမှ စတင်၍ တားမြစ်ထားကြောင်း သိရသည်။

သို့သော်လည်း စက်သုံးဆီရောင်းချသူအချို့မှာ လိုက်နာမှုမရှိဘဲ နေအိမ်တွင်း၌ စက်သုံးဆီအများအပြားကို သိုလှောင်ကာ ဆက်လက်ရောင်းချမှုများရှိနေကြောင်း ကျောက်တော်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

" မြို့ထဲမှာ ဓာတ်ဆီမရောင်းဖို့ တပ်တော်(AA)ဘက်ကလည်း မြို့အနှံ့ လိုက်အော်ပြီး သတိပေးထားတယ်။ ဒါပေမယ့် တချို့ဆိုင်တွေက အိမ်မှာပဲ ဆက်ရောင်းကြတယ်။ ဆီတန်းကို ထွက်ပြီး မရောင်းဘူး" ဟု ပြောသည်။

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်လိုင်စင်ဆိုင်ရာ အမိန့်အရ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၏ မြေဧရိယာအကျယ်အဝန်းသည် အနည်းဆုံး စတုရန်းပေ ၂,၀၀၀ နှင့် မျက်နှာစာအဖွင့်အကျယ် အနည်းဆုံး ပေ ၄၀ ရှိရမည်ဖြစ်သည်။

စက်သုံးဆီအရောင်းဆိုင် ဧရိယာနယ်နိမိတ်ကိုလည်း အလွယ်တကူမီးမလောင်နိုင်သည့် ပစ္စည်းများ အသုံးပြုပြီး ခြံစည်းရိုးကာရံကာ ဆိုင်ခန်းမျက်နှာစာကို ချန်လှပ်ထားရမည်ဖြစ်ကြောင်း ဥပဒေတွင် ပြဌာန်းထားသည်။

ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် စည်းကမ်းမဲ့ စက်သုံးဆီရောင်းချနေမှုများကို ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

" စက်သုံးဆီဆိုင်တွေကို မြို့တွင်းတွေမှာ လုံးဝမထားဘဲ လူနေအိမ်နဲ့ဝေးတဲ့ နေရာတွေမှာ စက်သုံးဆီဆိုင် နေရာသတ်မှတ်ပေးဖို့ လက်ရှိ ထိန်းချုပ်ထားတဲ့ အာဏာပိုင်တွေကို တောင်းဆိုချင်တယ်။ အခုဆို တချို့မြို့တွေမှာ လုပ်နေတာတွေ့ရပေမယ့် လုံးဝတင်းကြပ်ပေးမှ အဆင်ပြေမယ်လို့ မြင်တယ်" ဟု မြောက်ဦးဒေသခံ တစ်ဦးက ဆိုသည်။

ရခိုင်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး 92 စက်သုံးဆီ တစ်လီတာလျှင် ၁၃,၀၀၀ ကျပ်၊ ဒီဇယ်ဆီ (BOC) တစ်လီတာလျှင် ၉,၅၀၀ ကျပ်အထိ မြင့်တက်နေသည်။