- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် စက်သုံးဆီဈေးနှုန်း ကျင်ဆင်းလာသော်လည်း ယာဉ်ငှားရမ်းခများ မြင့်တက်နေဆဲ
အငှားယာဉ်စရိတ် မြင့်တက်မှုကြောင့် ဈေးသည်အချို့မှာ ခြေလျင်လျှောက်ပြီး မြို့ပေါ်သို့ သွားရောက် ရောင်းချကြသလို အလုပ်အကိုင်အဆင်မပြေမှု၊ စားဝတ်နေရေးခက်ခဲမှုတို့ကြောင့် ဒေသခံအများစုမှာလည်း မြို့တွင်းနေရာအများအပြားကို ခြေလျင်လျှောက်၍ သွားလာနေကြသည်။
11 Nov 2024
DMG ၊ နိုဝင်ဘာ ၁၁
ရခိုင်ဒေသအတွင်း စက်သုံးဆီဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာသော်လည်း ယာဉ်ငှားခဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်၍ အခက်ကြုံနေရကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်အချို့တွင် အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်)အပါအဝင် အငှားယာဉ်ငှားရမ်းခများ ဈေးနှုန်းမြင့်တက်နေ၍ ငွေကြေးအကုန်ကျများစွာဖြင့် သွားလာနေကြရသည်။
ကျောက်တော်မြို့နယ်၊ ပြိုင်းချောင်းကျေးရွာမှ ဈေးသည်အမျိုးသမီးတစ်ဦး “နယ်ဘက်ကလာပြီး ကျောက်တော်မြို့မှာ ဈေးလာရောင်းတာ။ ကားခအသွားအပြန်က အရမ်းဈေးများတယ်။ ရောင်းမထွက်တဲ့ နေ့တွေဆိုရင် ကားစရိတ်တောင် မတတ်နိုင်ဘူး” ဟု ပြောသည်။
အငှားယာဉ်စရိတ် မြင့်တက်မှုကြောင့် ဈေးသည်အချို့မှာ ခြေလျင်လျှောက်ပြီး မြို့ပေါ်သို့ သွားရောက် ရောင်းချကြသလို အလုပ်အကိုင်အဆင်မပြေမှု၊ စားဝတ်နေရေးခက်ခဲမှုတို့ကြောင့် ဒေသခံအများစုမှာလည်း မြို့တွင်းနေရာအများအပြားကို ခြေလျင်လျှောက်၍ သွားလာနေကြသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုကြောင့် စက်သုံးဆီများ ပြတ်လပ်ကာ စက်သုံးဆီ 92 တစ်လီတာကို ငွေကျပ် ၂၀,၀၀၀ ခန့်အထိ မြင့်တက်ခဲ့ပြီး ပုဏ္ဏားကျွန်း - ကျောက်တော်၊ ကျောက်တော် - မြောက်ဦး ပြေးဆွဲသည့် တုတ်တုတ်ခအနေဖြင့် ခရီးသည်တစ်ဦးကို ငွေကျပ် ၃၅,၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားခဲ့သည်။
လက်ရှိတွင် 92 တစ်လီတာ ငွေကျပ် ၁၂,၀၀၀ အထိ ဈေးကျသွားသော်လည်း အငှားယာဉ်ဈေးနှုန်းများမှာ လျော့ကျသွားခြင်းမရှိဘဲ မြင့်တက်နေဆဲဖြစ်၍ ခရီးသည်များမှာ အခက်ကြုံနေခြင်း ဖြစ်သည်။
“စက်သုံးဆီတွေ ဈေးကျသွားပေမယ့် ကားစရိတ်တွေက မကျသေးဘူး။ မြောက်ဦးကနေ ကျောက်တော်သို့ သွားမယ်ဆိုရင် တစ်ယောက်ကို သုံးသောင်းပေးနေရသေးတယ်။ အဲဒါကလည်း ခရီးသည်အနည်းဆုံး လေးယောက်လောက်ရမှာ ကားထွက်တာ” ဟု မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်မတက်မီက ကျောက်တော် - မြောက်ဦး ခရီးသည်တစ်ဦးကို ငွေကျပ် ၇,၀၀၀ သာ ရှိခဲ့သည်။ လက်ရှိ အငှားယာဉ်ဈေးနှုန်း မြင့်တက်နေခြင်းမှာ စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ဟု ကားသမားများက ပြောဆိုကြသည်။
“ဆီဈေးတက်တဲ့အပေါ်မူတည်ပြီး ကားငှားစရိတ်ကိုလည်း ဈေးမြင့်တယ်။ စက်ပစ္စည်းတစ်ခုခု ချွတ်ယွင်းရင် ပြန်ပြုပြင်ဖို့မလွယ်ဘူး” ဟု မြောက်ဦး-ကျောက်တော် အငှားယာဉ်တုတ်တုတ်မောင်းသူ တစ်ဦးက ပြောသည်။
ရခိုင်တွင် စက်သုံးဆီအပါအဝင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ၍ ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲများဖြင့် ကြုံတွေ့နေကြရသည်။