မြန်မာနိုင်ငံကို စက်သုံးဆီ ရောင်းချခွင့်ပေးဖို့ လောင်တလိုင်က လုပ်ငန်းရှင်များ တောင်းဆို 

မြန်မာဘက်သို့ စက်သုံးဆီရောင်းချခွင့်ကို ပိတ်ပင်ထားခြင်းသည် တရားမျှတမှု မရှိသည့်အပြင် ခွဲခြားဆက်ဆံခံရခြင်းဟု လောင်တလိုင်ခရိုင်ရှိ Mizofed၊ Mavula၊ Lyno၊ F. Rothuama၊ BZ, B. Sangchem စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များက ပူးတွဲထုတ်ပြန်ခဲ့သည်။

By Admin 31 Jul 2024

လောင်တလိုင်ခရိုင်တွင် ဇွန်လ ၂၇ ရက်က ဖျက်ဆီးခံလိုက်ရသည့် ရခိုင်ကုန်သည်များ၏ ဆီပေပါများ။ (ဓာတ်ပုံ - ပေးပို့)
လောင်တလိုင်ခရိုင်တွင် ဇွန်လ ၂၇ ရက်က ဖျက်ဆီးခံလိုက်ရသည့် ရခိုင်ကုန်သည်များ၏ ဆီပေပါများ။ (ဓာတ်ပုံ - ပေးပို့)

DMG ၊ ဇူလိုင် ၃၁ 

အိန္ဒိယနိုင်ငံ၊ ဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ စက်သုံးဆီများကို မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချခွင့် ပေးရန် စက်သုံးဆီအရောင်းဆိုင်ရှင်များက တောင်းဆိုနေကြသည်။ 

မြန်မာဘက်သို့ စက်သုံးဆီရောင်းချခွင့်ကို ပိတ်ပင်ထားခြင်းသည် တရားမျှတမှု မရှိသည့်အပြင် ခွဲခြားဆက်ဆံခံရခြင်းဟု လောင်တလိုင်ခရိုင်ရှိ Mizofed၊ Mavula၊ Lyno၊ F. Rothuama၊ BZ, B. Sangchem စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များက ဇူလိုင် ၂၄ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ 

စက်သုံးဆီရောင်းချခွင့် ပိတ်ထားသဖြင့် ရေနံဈေးကွက်ရှာဖွေရေး(OMC)မှ သတ်မှတ်ထားသည့် လစဉ်ရောင်းအား မပြည့်မီနိုင်သည့် အနေအထားရှိနေသည်ဟု စက်သုံးဆီလုပ်ငန်းရှင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

“တခြားစီးပွားရေးလုပ်ငန်းရှင်တွေက ကုန်ပစ္စည်းတွေကို ရောင်းချခွင့်ရနေချိန်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေမှာ ရောင်းခွင့်မရတော့ သူတို့ရဲ့စီးပွားရေးတွေလည်း နစ်နာမှုရှိကြတာပေါ့။ ဒါကြောင့် သူတို့က စက်သုံးဆီ ရောင်းချခွင့် လိုချင်ကြတယ်” ဟု အိန္ဒိယရောက် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

“မြန်မာနိုင်ငံမှာလည်း စက်သုံးဆီက လိုအပ်တာကြောင့် ရောင်းချခွင့်ရရှိရင် နှစ်ဖက်လုံးအတွက် အကျိုးအမြတ် ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

လောင်တလိုင်မှ စက်သုံးဆီများကို မြန်မာဘက်သို့ မရောင်းချရန် လောင်တလိုင်ခရိုင်တရားရုံးက ဇူလိုင် ၁၆ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသို့ စက်သုံးဆီရောင်းချခွင့်မရ၍ ရောင်းအားမပြည့်မီသဖြင့် လောင်တလိုင်ခရိုင်မှ လုပ်ငန်းရှင်များမှာ အိန္ဒိယ ပြည်မဘက်မှ စက်သုံးဆီမှာယူမှုကို ခေတ္တရပ်ဆိုင်းထားရကြောင်း သိရသည်။ 

လောင်တလိုင်မှတစ်ဆင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုဖြတ်၍ ရခိုင်သို့ ကုန်ပစ္စည်းများ တင်သွင်းနေသည့် လမ်းကြောင်းများကို ဗဟိုလိုင်လူငယ်အစည်းအရုံး(CYLA) က ဇွန် ၂၄ ရက်တွင် ပိတ်ဆို့လိုက်သည်။ ယင်းနောက် ဇူလိုင် ၁၉ ရက်တွင် စက်သုံးဆီ၊ ဆေးဝါးနှင့် ဓာတ်မြေဩဇာတို့မှလွဲ၍ အခြားကုန်စည်များကို ရခိုင်ဘက်သို့ ကုန်သွယ်ခွင့် ပြန်လည်ခွင့်ပြုခဲ့သည်။

အိန္ဒိယနိုင်ငံဘက်မှ စက်သုံးဆီတင်သွင်းခွင့်မရ၍ ရခိုင်ဒေသစက်သုံးဆီဈေးကွက်မှာ ဈေးနှုန်းအတက်ဘက်တွင် ရှိနေကြောင်း ကျောက်တော်မြို့နယ်က စက်သုံးဆီရောင်းချသူတစ်ဦးက ပြောသည်။

“စက်သုံးဆီက အိန္ဒိယနိုင်ငံဖက်က လုံးဝကို ဝယ်မရဘူး။ ဒီမှာက အရင်ကဝယ်ထားတဲ့ ဆီကိုပဲ ရောင်းနေကြရတာ။ ဆီကပြတ်လပ်လာတာကြောင့် ဈေးနှုန်းကလည်း အတက်ဘက်ကိုပဲ ရှိတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်းက အိန္ဒိယရောက် ရခိုင်ကုန်သည်များ၏ စက်သုံးဆီပေပါ ၁၀၀ နီးပါးကို CYLA အဖွဲ့ဝင်များက ဖျက်ဆီးမှုများ ရှိခဲ့သည်။

တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသော ရခိုင်ဒေသမှာ ကုန်စည်ပြတ်တောက်မှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေရချိန်တွင် အိန္ဒိယဘက်မှ ကုန်ပစ္စည်းများကို အဓိကအားထားပြီး သယ်ယူနေကြရသည်။