ရခိုင်အရေးပူးတွဲထုတ်ပြန်ချက်ကို တိုင်းရင်းသားအဖွဲ့ (၁၀)ဖွဲ့ ကန့်ကွက်ရှုတ်ချ 

မွတ်ဆလင်များအား ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများကို အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်အချို့က ကျူးလွန်နေသဖြင့် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခြင်းအပါအဝင် ရခိုင်အရေးနှင့်ပတ်သက်၍ အဖွဲ့အစည်း(၁၉၅) ဖွဲ့၏ မေ ၂၂ ရက်ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း တိုင်းရင်းသားအဖွဲ့ (၁၀) ဖွဲ့မှ ထုတ်ပြန်သည်။ 

By Admin 29 May 2024

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်များအား AA တပ်ဖွဲ့ဝင်များက အကူအညီပေးနေစဉ်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်များအား AA တပ်ဖွဲ့ဝင်များက အကူအညီပေးနေစဉ်။

DMG ၊ မေ ၂၉

ရခိုင်မြောက်ပိုင်း အခြေအနေနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း (၁၉၅)ဖွဲ့၏  ပူးတွဲထုတ်ပြန်ချက်ကို  ကန့်ကွက်ရှုတ်ချကြောင်း ဂျပန်အခြေစိုက် ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်အပါအဝင် တိုင်းရင်းသားအဖွဲ့ (၁၀) ဖွဲ့က မေ ၂၈ ရက်တွင် ထုတ်ပြန်သည်။ 

မွတ်ဆလင်များအား ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများကို အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်အချို့က ကျူးလွန်နေသဖြင့် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခြင်းအပါအဝင် ရခိုင်အရေးနှင့်ပတ်သက်၍ အဖွဲ့အစည်း(၁၉၅) ဖွဲ့၏ မေ ၂၂ ရက်ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း တိုင်းရင်းသားအဖွဲ့ (၁၀) ဖွဲ့မှ ထုတ်ပြန်လာခြင်းဖြစ်သည်။ 

RSO၊ ARA၊ ARSA လက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွယ်နေသော နိုင်ငံတကာရောက် အရပ်ဖက်အဖွဲ့အမည်ခံ ကိုယ်ကျိုးရှာအဖွဲ့များနှင့် တော်လှန်ရေးအင်အားစုအချို့ပါဝင်သော ၁၉၅ ဖွဲ့သည် ရခိုင်ပြည်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီအာဘော်နှင့်တူညီသော မဟုတ်မမှန်သတင်းများအား ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့သည်ကို စိတ်မကောင်းစွာတွေ့ရှိရကြောင်း တိုင်းရင်းသားအဖွဲ့(၁၀) ဖွဲ့က ဆိုသည်။ 

မြေပြင်ပကတိအခြေအနေများကို သေချာတိကျစွာ လေ့လာစုံစမ်းသိရှိခြင်းမရှိဘဲ အခြေအမြစ်မရှိသည့် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲပါသည့် အချက်အလက်များအပေါ်အခြေခံ၍ သုံးသပ်ချက်၊ ထုတ်ပြန်ချက်များသည် မှားယွင်းသည့်ရလာဒ်များ ဖြစ်ပေါ်လာနိုင်၍ အဖွဲ့အစည်း (၁၉၅) ဖွဲ့၏ ထုတ်ပြန်ချက်ကို ကန့်ကွက်ရှုတ်ချရခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။ 

“လူ့အခွင့်အရေးခေါင်းစဉ်နဲ့ အသုံးချခံအဖြစ် ပါဝင်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဒေသရဲ့အဖြစ်မှန်ကို မသိရှိဘဲ ပါဝင်ခဲ့တာက နုတ်ထွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု တိုင်းရင်းသားအဖွဲ့ (၁၀) ဖွဲ့က ဆိုသည်။ 

အဖွဲ့အစည်း (၁၉၅) ဖွဲ့၏ ထုတ်ပြန်ချက်ပါ အချက်အလက်အချို့မှာ မှားယွင်းနေပြီး မြေပြင်ပကတိအခြေအနေနှင့် ကွဲလွဲနေ၍ ပြင်းထန်စွာကန့်ကွက်ကြောင်း AA က မေ ၂၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်ပြီးနောက် ၁၉၅ ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည့် အဖွဲ့အစည်းအချို့မှာ ထုတ်ပြန်ချက်မှ နုတ်ထွက်ခြင်းများ ရှိလာသည်။  

မေ ၂၆ ရက်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC)၊ မေ ၂၅ ရက်တွင် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်)တို့သည် ပူးတွဲထုတ်ပြန်ချက်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။  

“AA ကို ဖိအားပေးနေတဲ့ အဖွဲ့အစည်းတွေကတော့ အပြင်က နားထောင်ရုံသက်သက်ပဲရှိတာ။ ပဋိပက္ခဖြစ်နေတဲ့ နေရာမှာ ပထမဆုံးကျဆုံးသွားတာက အမှန်တရားပဲပေါ့။ အဲနောက်မှာတော့ အမှားအယွင်းတွေ အပြန်အလှန် စွပ်စွဲမှုကတော့ သဘာဝပါပဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

တစ်ဖက်တွင်လည်း အဖွဲ့အစည်း (၁၉၅) ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်နှင့်အတူ ဆက်လက်ရပ်တည်ကြောင်း ထုတ်ပြန်လာသည့် အဖွဲ့များလည်း ရှိနေသည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကော်မတီ (AJMM) က ပူးတွဲထုတ်ပြန်ချက်တွင် ပါဝင်ခြင်းသည် မိမိတို့၏ နိုင်ငံရေးအတွေးအခေါ်နှင့် မူဝါဒများအပေါ် ခိုင်မာစွာရပ်ခံလျက် သွေးစည်းညီညွတ်မှုကို ဖော်ပြခြင်းဖြစ်၍ ထုတ်ပြန်ချက်နှင့်အတူ ဆက်လက်ရပ်တည်ကြောင်း က မေ ၂၈ ရက်တွင် ထုတ်ပြန်သည်။   

၁၉၅ ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် AA ၏ တုံ့ပြန်ချက်တွင် “အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသော အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းတာဝန်ခံများကို မိမိတို့မှ ကောင်းစွာမှတ်တမ်းတင်ထားရှိပါသည်” ဟု ဆိုထားခြင်းမှာ လက်နက်မဲ့ အင်အားစုများအား လက်နက်အင်အားတောင့်တင်းသည့် အဖွဲ့အစည်းက ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ခြင်းပင် ဖြစ်သည်ဟု AJMM က ဆိုသည်။  

ယင်းအပြင် (၁၉၅) ဖွဲ့၏ ထုတ်ပြန်ချက်သည် လက်ရှိရခိုင်ပြည်ကို နယ်မြေစိုးမိုးမှုအရ ထိန်းချုပ်ထားနိုင်သည့် ULA/AA အနေဖြင့် ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် စုံစမ်းစစ်ဆေးမှု၊ လိုအပ်ပါက အရေးယူမှုများကို ကျယ်ကျယ်ပြန်ပြန့်လုပ်ဆောင်ရန် တိုက်တွန်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ 

“နိုင်ငံရေးဖြစ်စဉ်တွေအပေါ် သုံးသပ်ရာမှာ ယုံကြည်ချက်နဲ့မူဝါဒတွေအပေါ်သာ အခြေခံပြီး ရပ်တည်တာဖြစ်တယ်။ အစုအဖွဲ့အပေါ်အခြေခံပြီး ဘက်ရွေးလုပ်ဆောင်တာတွေကို လုပ်ဆောင်မည်မဟုတ်ပါ။ ရိုဟင်ဂျာ(မွတ်ဆလင်) လူနည်းစုအား ဖိနှိပ်မှုတွေကကာကွယ်ပေးဖို့ တောင်းဆိုတာဟာ AA ကို တိုက်ခိုက်တာဖြစ်တယ်လို့ မယူဆသင့်ဘူး” ဟု  AJMM က ဆိုသည်။

AJMM သည် စစ်အာဏာမသိမ်းမီအချိန်ကပင် ရက္ခိုင့်တော်လှန်ရေးအား အားပေးထောက်ခံခဲ့ပြီး ဆက်လက်၍ ရက္ခိုင့်တော်လှန်ရေး အောင်ပွဲရသည်အထိ “ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့် စံနှုန်းများအပေါ် အခြေခံ၍” ဆက်လက်အားပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။ 

လက်ရှိရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာရောက် ကိုယ်ကျိုးရှာအဖွဲ့အစည်းများအပါဝင် သတင်းအမှားများ ပြောဆိုရေးသားနေသူများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း AA က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီသည် ဘူးသီးတောင်၊ မောင်တောတွင် မွတ်ဆလင်များအား စစ်သင်တန်းပေးပြီး စစ်ရေးတွင်အသုံးချမှု၊ မွတ်ဆလင်လက်နက်ကိုင် ARSA၊ RSO အဖွဲ့များနှင့်လည်း စစ်ရေးပူးပေါင်းကာ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေကြောင်း AA က ပြောဆိုထားသည်။