တိုင်းနှင့်ပြည်နယ် လေးခုတွင် ၆ လအတွင်း အရပ်သား ၃၅၉ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံး 

စစ်ကောင်စီ၏ စစ်ဘက်၊ အရပ်ဘက် မခွဲခြားဘဲ တိုက်ခိုက်မှု၊ လူအများအပြားကို တစ်နေရာတည်းတွင် သတ်ဖြတ်နိုင်သည့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ လုံခြုံမှု ကင်းမဲ့နေရသည်။ 

By Admin 19 Aug 2024

ရခိုင်ပြည်၊ မြောက်ဦးမြို့ကို ဩဂုတ်လ ၁၀ ရက်က စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး၊ ၁၀ ဦး ဒဏ်ရာရရှိသွားသည်။ 
ရခိုင်ပြည်၊ မြောက်ဦးမြို့ကို ဩဂုတ်လ ၁၀ ရက်က စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး၊ ၁၀ ဦး ဒဏ်ရာရရှိသွားသည်။ 

DMG ၊ ဩဂုတ် ၁၉

စစ်‌ရှိန်မြင့်နေသော ရခိုင်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ (၆) လအတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အရပ်သား ၃၅၉ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်သည်။ 

လူအစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်ထဲတွင် စစ်ကောင်စီက ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးသတ်ဖြတ်မှု၊ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ ပါဝင်ကြောင်း ဩဂုတ်လ ၁၆ ရက်အစီရင်ခံစာတွင် ဖော်ပြသည်။ 

“ပြည်သူလူထုတွေ ညဘက်အိပ်နေချိန်၊ ဘာသာရေးအဆောက်အအုံတွေထဲ ထွက်ပြေးခိုလှုံနေချိန်နဲ့ အစည်းအဝေး လုပ်နေချိန်တွေအပြင် ကျေးရွာထဲကို ဝင်ရောက်ဖမ်းဆီးတာနဲ့ နှစ်ဖက်တိုက်ပွဲတွေအကြား သတ်ဖြတ်ခံခဲ့ရတာတွေ ဖြစ်ပါတယ်” ဟု ISP-Myanmar က ဆိုသည်။ 

နိုင်ငံတစ်ဝန်းတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားများနေထိုင်ရာကို ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ သေဆုံးမှုနှုန်းမှာ တစ်လထက်တစ်လ မြင့်တက်လာသည်။ 

စစ်ကောင်စီ၏ စစ်ဘက်၊ အရပ်ဘက် မခွဲခြားဘဲ တိုက်ခိုက်မှု၊ လူအများအပြားကို တစ်နေရာတည်းတွင် သတ်ဖြတ်နိုင်သည့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ လုံခြုံမှု ကင်းမဲ့နေရသည်။ 

“ကျမတို့က သူတို့ဘယ်နေရာကို ပစ်မယ်ဆိုတာလည်း မသိဘူး။ လေယာဉ်သံကြားလို့ ဗုံးခိုကျင်းထဲဝင်မယ်ဆိုလည်း မိုးရာသီဆိုတော့ ရေတွေပြည့်နေတယ်။ ပြေးစရာနေရာလည်း မရှိတော့ဘူး။ ဘယ်နေ့ဘယ်အချိန် လေကြောင်းပစ်တာခံရမလဲ မသိဘူး။ လူခြုံမှုဆိုတာ မရှိတော့ဘူး” ဟု ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ လက်နက်ကိုင်ပဋိပက္ခအတွင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမှာ တားမနိုင်ဆီးမရ ဖြစ်နေဆဲဖြစ်ပြီး ထိုလုပ်ရပ်များသည် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာနှင့် လူအခွင့်အရေးဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှုမြောက်ကာ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ကျူးလွန်ချိုးဖောက်မှု‌မြောက်သည်ဟု ISP-Myanmar က ဆိုသည်။

ပြည်သူများမှာ ပြင်းထန်နေသော လက်နက်ကိုင်ပဋိပက္ခများကြား မြေစာပင်ဖြစ်နေကြရပြီး အရပ်သားများအပေါ် ပစ်မှတ်ထားကာ တိုက်ခိုက်နေခြင်းသည်လည်း ဆိုးရွားရုပ်ဆိုးလှသော လုပ်ရပ်များဖြစ်သည်ဟု လူ့အခွင့်အရေး အသိုင်းအဝိုင်းများက ပြောဆိုကြသည်။ 

ရခိုင်က လူအခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက  “ဒီလိုမျိုးဖြစ်ရပ်တွေကို နိုင်ငံတကာက အလေးထားစောင့်ကြည့်ပြီး ထိရောက်တဲ့အရေးယူမှု လုပ်ဖို့လိုတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာပြည်အရေးကို ကြည့်တဲ့အခါမှာလည်း လူမျိုးစုတစ်ခုအပေါ်ကိုပဲ တစ်ဖက်သက်နဲ့ကြည့်တာမဟုတ်ဘဲ ဘက်ညီမှုရှိဖို့လိုတယ်” ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်အထိ အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း လူအစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် အရပ်သား ၁၂၂၄ ဦး သေဆုံးခဲ့သည်ဟု ISP-Myanmar ၏ စာရင်းအရ သိရသည်။