ရခိုင်တွင် ကလေးများ နေမကောင်းအဖြစ်များနေပြီး သေဆုံးသူများလည်းရှိ

ယခု ဇူလိုင်လအတွင်းတွင် သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ရာသီတုပ်ကွေး ဖြစ်ပွားမှုများကြောင့် သေဆုံးသွားသည့်ကလေး ခြောက်ဦးအထိ ရှိခဲ့သည်။ ၎င်းတို့မှာ ပုဏ္ဏားကျွန်းမှ ၃ ဦး၊ မောင်တောမှ ၁ ဦး၊ မြေပုံမှ ၁ ဦး၊ တောင်ကုတ်မှ ၁ ဦးတို့ ဖြစ်ကြသည်။

By Admin 18 Jul 2023

မိုခါအလွန် ရခိုင်ပြည်အတွင်း ရက္ခိုင်တပ်တော်က ဆေးကုသမှုပေးနေစဉ်။ (ဓာတ်ပုံ - Cyclone Mocha ERRCA)
မိုခါအလွန် ရခိုင်ပြည်အတွင်း ရက္ခိုင်တပ်တော်က ဆေးကုသမှုပေးနေစဉ်။ (ဓာတ်ပုံ - Cyclone Mocha ERRCA)

DMG ၊ ဇူလိုင် ၁၈

ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် ယခုမိုးရာသီကာလအတွင်း အသက် ၁၅ နှစ်အောက် ကလေးများ နေမကောင်းအဖြစ်များနေကြပြီး သေဆုံးသူများလည်းရှိနေကြောင်း ကျန်မားရေးအသိုင်းအဝိုင်းနှင့် ဒေသခံများထံမှ သိရသည်။

ယခု ဇူလိုင်လအတွင်းတွင် သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ရာသီတုပ်ကွေး ဖြစ်ပွားမှုများကြောင့် သေဆုံးသွားသည့်ကလေး ခြောက်ဦးအထိ ရှိခဲ့သည်။ ၎င်းတို့မှာ ပုဏ္ဏားကျွန်းမှ ၃ ဦး၊ မောင်တောမှ ၁ ဦး၊ မြေပုံမှ ၁ ဦး၊ တောင်ကုတ်မှ ၁ ဦးတို့ ဖြစ်ကြသည်။

ဇူလိုင် ၁၅ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကဏန်းတောင်ကျေးရွာမှ အသက် ၉ နှစ်အရွယ် မူလတန်း ကျောင်းသူတစ်ဦးမှာ နေမကောင်းဖြစ်ကာ သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ဆရာဝန်က သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆုံးသွားတာလို့ပြောတယ်။ သူတို့မိသားစုထဲက နောက်ထပ် သမီးငယ် တစ်ယောက်လည်း ဆေးရုံတက်နေလို့ မိသားစုတွေအားလုံးက အခုဆေးရုံမှာနေကြတယ်” ဟု သေဆုံးသွားသည့် ကလေးနှင့် ဆွေမျိုးတော်စပ်သူ ဦးကျော်ဌေးက ပြောသည်။

ကဏန်းတောင်ကျေးရွာတွင် ဖျားနာသူများနေသဖြင့် ကျန်းမာရေးဌာနမှ လာရောက်ကာ ခြင်သတ်ဆေးများ ဖြန်းပေးခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။

ဇူလိုင် ၁၄ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းမှ အသက် ၂ နှစ်ကျော် အရွယ် ကလေးတစ်ယောက်နှင့် သဲတော်ကျေးရွာမှ အသက် ၉ နှစ်အရွယ် မူလတန်းကျောင်းသူ တစ်ယောက်တို့မှာ နေမကောင်းဖြစ်၍ သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကလေးငယ်များ။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ ဝက်ကျိန်းကျေးရွာမှ အသက် ၉ နှစ်အရွယ် မူလတန်းကျောင်းသား တစ်ယောက်မှာလည်း နေမကောင်းဖြစ်ကာ ဇူလိုင်လ ၉ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းနှင့် မိသားစုဝင်များထံမှ သိရသည်။

“ရွာမှာ နေမကောင်းဖြစ်တာက ၃ ရက်လောက်ရှိပြီ၊ မသက်သာလို့ ကြိမ်ချောင်းတိုက်နယ်ဆေးရုံကို သွားပြတယ်။ ဆရာမကြီးက ဒီမှာကုလို့ မနိုင်တော့ဘူး။ မောင်တောဆေးရုံကို ပို့ပေးရမယ်လို့ပြောတယ်။ ကျမလည်း ဒီလောက်အခြေအနေဆိုးမယ် မထင်ခဲ့လို့ မနက်ဖြန်မှ သွားမယ်ဆိုပြီး အိမ်ပြန်သွားတယ်။ အိမ်ရောက်တော့ ရောဂါက ဆိုးဆိုးရွားရွားဖြစ်လာပြီး သားလေးက ဆုံးသွားတယ်” ဟု မိခင်ဖြစ်သူ ဒေါ်အိမ်ကူးက ပြောသည်။

ဝက်ကျိန်းကျေးရွာတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားအောင် ကျေးလက်ကျန်းမာရေးဌာနမှ ကလေးများကို ကာကွယ်ဆေး လာရောက်ထိုးပေးခြင်းများရှိကြောင်း ဒေသခံများကပြောသည်။

ဇူလိုင် ၇ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ညောင်တောကျေးရွာမှ အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ယောက် နေမကောင်းဖြစ်၍ ဆေးကုသမှုခံယူနေစဉ် ရာသီတုပ်ကွေးရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာမှ အသက် (၁၃) နှစ်အရွယ် ကျောင်းသားတစ်ယောက်မှာလည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၍ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ဇူလိုင်လ ၁၀ ရက်နေ့က သေဆုံးသွားခဲ့သည်။

“မုန်တိုင်းအလွန်ကာလမှာ ရောဂါအမျိုုးမျိုးကြောင့် သေဆုံးသွားသူတွေက အများကြီးရှိလာတယ်။ အခု အရမ်းကြောက်ဖို့ ကောင်းတာက ခဏတဖြုတ် နေမကောင်းဖြစ်ပြီး သတိလစ်သွားတယ်။ ပြီးတော့ ဆေးရုံတောင်မရောက်နိုင်ဘဲ အဲဒီလိုမျိုး သေသွားတာတွေရှိတယ်” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှ တာဝန်ရှိသူ ဦးဇံအောင်မြင့်က ပြောသည်။

“မိုခါ”မုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်က မြို့နယ်များတွင် ရေမြောင်းပိတ်ဆို့ခြင်း၊ အမှိုက်များကို သေချာရှင်းလင်းမှု မရှိခြင်းတို့ကြောင့် ခြင်ပေါက်ဖွားမည့်နေရာ ပေါများနေ၍ ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများ အဖြစ်များလာခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ အောင်စစ်ထွန်းက ပြောသည်။

“အရင်နှစ်တွေထက်စာရင် နေမကောင်းဖြစ်ပြီး ဆေးရုံတက်ကြတာ ပိုများတယ်။ ရာသီပေါ်တုပ်ကွေး ၊ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ရောဂါတွေရှိတယ်။ သွေးလွန်တုတ်ကွေးရောဂါက အရင်က ၁၅ နှစ်အောက် ဖြစ်ကြပေမဲ့ ဒီနှစ်မှာ သက်ကြီးပိုင်းတွေလည်း ဖြစ်လာကြတယ်” ဟု ၎င်းကပြောသည်။

မုန်တိုင်းအလွန်ကာလတွင် ရခိုင်ပြည်အတွင်းက မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေးရောဂါများ အဖြစ်များနေကြကြောင်း သိရသည်။ ဖြစ်ပွားသူအများစုမှာ ကလေးများဖြစ်ကြပြီး လက်ရှိတွင် ဆေးရုံရှိ ကလေးအဆောင်များတွင်လည်း နေရာမလုံလောက်ဖြစ်နေကြောင်း DMG မှ စုံစမ်းသိရှိရသည်။

#I011 #I001