ဂွတိုက်ပွဲ ကျယ်ပြန့်လာပြီးနောက် ဧရာဝတီတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့

AA ထိုးစစ်မှာ ဂွမြိုနှင့် ၁၀ မိုင်ကျော် အကွာအဝေးအထိ ရောက်ရှိလာ၍ စစ်ကောင်စီသည် ဂွမြို့နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းမှ မြို့နယ်များဖြစ်သည့် ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ချောင်းသာနှင့် ငွေဆောင်တွင် စစ်ကြောင်းထိုးခြင်းနှင့် အင်အားတိုးချဲခြင်းများ ပြုလုပ်လာသည်။

By Admin 15 Oct 2024

ဓာတပုံ - Myo Tu
ဓာတပုံ - Myo Tu

DMG ၊ အောက်တိုဘာ ၁၅

ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာပြီးနောက် စစ်ကောင်စီက ရခိုင်နှင့် ဧရာဝတီတိုင်းအစပ်မှာ စစ်အင်အားတိုးချခြင်း၊ စစ်ကြောင်းထိုးသွားလာခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်လာသည်ဟု ဒေသခံများထံမှ သိရသည်။

AA ထိုးစစ်မှာ ဂွမြိုနှင့် ၁၀ မိုင်ကျော် အကွာအဝေးအထိ ရောက်ရှိလာ၍ စစ်ကောင်စီသည် ဂွမြို့နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းမှ မြို့နယ်များဖြစ်သည့် ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ချောင်းသာနှင့် ငွေဆောင်တွင် စစ်ကြောင်းထိုးခြင်းနှင့် အင်အားတိုးချဲခြင်းများကို ပြုလုပ်လာခြင်းဖြစ်သည်။

ငါးသိုင်းချောင်းဖက်သို့ ရောက်ရှိနေသည့် ရခိုင်စစ်ရှောင်တစ်ဦးက “ဂွမြို့နယ်ဖက်က အေအေရဲ့ ထိုးစစ်တွေ ဧရာဝတီကို ရောက်ရှိလာမှာကို စစ်ကောင်စီက အရမ်းကြောက်နေတယ်။ အခု ဂွတိုက်ပွဲ ကျယ်ပြန့်လာတော့ ဂွနဲ့ထိစပ်နေတဲ့ ငသိုင်းချောင်းတို့၊ ချောင်းသာတို့ဖက်အထိ တိုက်ပွဲရောက်လာမှာကို အရမ်းစိုးရိမ်နေတယ်။ အဲဒါကြောင့် ရခိုင်အစပ်က မြို့နယ်တွေမှာ အင်အားတိုးချပြီး စစ်ဆေးရေးတင်းကျပ်တာတွေ၊ စစ်ကြောင်းထိုးလာတာတွေ ရှိနေတယ်” ဟုပြောသည်။

အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်နေ့က ချောင်းသာမြို့နှင့် ငွေဆောင်မြို့တို့တွင် စစ်ကောင်စီက အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်းဖြင့် စစ်ကြောင်းထိုးသွားလာမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

AA တပ်ဖွဲ့ဝင်များ ဧရာဝတီတိုင်းသို့ ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် စစ်ကောင်စီသည် ရခိုင်မှ စစ်ဘေးရှောင်များကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး ချောင်းသာနှင့် ငွေဆောင်ကမ်းခြေက ဟိုတယ်နှင့် တည်ခိုခန်းများတွင်လည်း ဝင်ရောက်စစ်ဆေးမှုများ ရှိနေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“AA တပ်ဖွဲ့ဝင်တွေ ဧရာဝတီတိုင်းကို ရောက်နေကြတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရခိုင်က စစ်ရှောင်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာတွေ၊ ဟိုတယ်တွေမှာလည်း ညအချိန်တွေမှာ ဝင်ရောက်စစ်ဆေးတာတွေ၊ စစ်ကြောင်းထိုးလာတာတွေကြောင့် ချောင်းသာဖက်က ဒေသခံတွေဟာ စိုးရိမ်မှုတွေ ရှိကြပြီးတော့ ပုသိမ်မြို့တို့ကို စစ်ဘေးတိမ်းရှောင်နေကြရတာတွေ ရှိတယ်” ဟု ပြောသည်။

ဧရာဝတီဖက်သို့ ရောက်ရှိနေသည့် ရခိုင်မှ စစ်ဘေးရှောင်များကို ဧည့်စာရင်းအကြောင်းပြပြီး စစ်ကောင်စီက မကြာခဏဆိုသလို ဖမ်းဆီးမှုများလည်း ရှိနေသည်။

ဂွမြို့နှင့် ငါးသိုင်းချောင်းမြို့ကြားရှိ ရေနံ့သာစစ်ဆေးရေဂိတ်တို့တွင် ရခိုင်ဖက်မှလာသည့် စစ်ရှောင်များကို စစ်ဆေးမှုများ တင်းကျပ်လာသလို အဆိုပါဂိတ်မှလည်း လက်နက်ကြီးပစ်ခတ်မှုများ ရှိသည်ဟု ဒေသခံများက ပြောသည်။

ဂွမြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီသည် ဧရာဝတီတိုင်းကနေ အင်အားဖြည့်တိုက်ခိုက်နေခြင်းဖြစ်ပြီး လာရောက်တိုက်ခိုက်နေကြသည့် ဧရာဝတီတိုင်းမှ စစ်ကောင်စီ တပ်သားအချို့မှာ စစ်မတိုက်လိုဘဲ ထွက်ပြေးမှုများ ရှိနေသည်ဟု သိရသည်။ 

ဂွမြို့အခြေစိုက်တပ်ရင်းများကို ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် မထားရှိတော့ဘဲ ဧရာဝတီတိုင်းအခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် ထားရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။