ဒေသအုပ်ချုပ်ရေးတွင် သက်ဆိုင်ရာမျိုးနွယ်စုအလိုက် နေရာပေးထားကြောင်း AA ပြော 

ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်သူများနှင့်ပတ်သက်၍ မျိုးနွယ်စုရေးရာကော်မတီ ဖွဲ့စည်းထားပြီး ဒေသအလိုက် နေရာပေးထားကြောင်း ဇွန်လ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။ 

By Admin 14 Jun 2024

ရခိုင်ဒေသတွင် ရခိုင်မျိုးနွယ်စုဝင် (၇) စုအပြင် တခြားလူမျိုးများလည်း နေထိုင်ကြသည်။ 
ရခိုင်ဒေသတွင် ရခိုင်မျိုးနွယ်စုဝင် (၇) စုအပြင် တခြားလူမျိုးများလည်း နေထိုင်ကြသည်။ 

DMG ၊ ဇွန် ၁၄ 

အာရက္ခတပ်တော်(AA) ထိန်းချုပ်ဒေသများ၌ အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဒေသအလိုက် မျိုးနွယ်စုများကို နေရာပေးထားကြောင်း AA က ပြောသည်။

ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်သူများနှင့်ပတ်သက်၍ မျိုးနွယ်စုရေးရာကော်မတီ ဖွဲ့စည်းထားပြီး ဒေသအလိုက် နေရာပေးထားကြောင်း ဇွန်လ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။ 

“မျိုးနွယ်စုဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ ပြောချင်တာက မွတ်ဆလင်နဲ့ တခြားမျိုးနွယ်စုတွေပါနေထိုင်တဲ့ ဒေသတွေ၊ တခြားဒေသတွေမှာ သက်ဆိုင်ရာအလိုက် ခန့်ထားတာရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။ 

တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသည့် ဒေသခံများကိုလည်း AA အနေဖြင့် လူမျိုးဘာသာမရွေး လူသားချင်းစာနာမှု အကူအညီများပေးထားကြောင်း  ထုတ်ပြန်ထားသည်။  

အုပ်ချုပ်ရေးလုပ်ငန်းနှင့် တခြားကဏ္ဍအသီးသီးတွင် မျိုးနွယ်စုဝင်များကို AA က နေရာပေးထားသည်ဆိုသော်လည်း မြေပြင်တွင် ယင်းထက်လိုအပ်သေးကြောင်း ပြောဆိုမှုများ ရှိနေသည်။

သက်အမျိုးသားတစ်ဦးက “AA က လူသားချင်းစာနာမှု အကူအညီပေးတာတွေကို အများကြီးတွေ့ရတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးလုပ်ငန်းဆောင်ရွက်တဲ့ အပိုင်းတွေမှာတော့ မျိုးနွယ်စုတွေကိုနေရာပေးတာ နည်းသေးတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။ 

တိုက်ပွဲကြောင့် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်အသီးသီးမှ မြို၊ ခမီ၊ ဒိုင်းနက်၊ သက် လူမျိုးအပါအဝင် ရခိုင်ဒေသခံထောင်နှင့်ချီမှာ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြသည်။ 

တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဘူးသီးတောင်မြို့နယ်၊  အင်းကြင်းမြိုင် (နတလ)ကျေးရွာမှ ခမီလူမျိုး  ၁၀၀ ခန့်မှာ မိုးရာသီဖြတ်သန်းရန် အကူအညီများ လိုအပ်နေကြောင်း ဆိုသည်။ 

“စားဝတ်နေရေးက တော်တော်လေးခက်ခဲပါတယ်။ AA တာဝန်ရှိသူတွေက ရွာကအလှူခံပေးတာနဲ့ စားနေရတယ်။ ရေရှည်အတွက် အဆင်မပြေနိုင်ဘူး။ အမိုးအကာမလုံခြုံဘူး။ ကုန်ဈေးနှုန်းက မြင့်တော့ တစ်ခုမှဝယ်မစားနိုင်ဘူး” ဟု ခမီအမျိုးသားတစ်ယောက်က ပြောသည်။ 

ULA/AA ၏ နိုင်ငံရေးရည်မှန်းချက်သည် မြန်မာနိုင်ငံထဲမှ ခွဲထွက်ခြင်း မဟုတ်ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် ကွန်ဖက်ဒရစ်လမ်းစဉ်ကို ဦးတည်ကြောင်း ပြောဆိုထားသည်။

ဗီဒီယိုများ