ငပလီမြို့ရှိ စစ်ကောင်စီ ခံစစ်တပ်စခန်းကို AA တိုက်ခိုက် 

ဂေါ့ကျေးရွာအနီးတစ်ဝိုက်ရှိ စစ်ကြောင်းများကို AA တိုက်ခိုက်ထိန်းချုပ်ပြီးနောက် ငပလီမြို့၊ မဇင်ရပ်ကွက်ရှိ သံတွဲလေဆိပ်တွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူးကိုယ်တိုင်ကြီးကြပ်ကာ ခံစစ်အဖြစ်ခုခံရန် ပြင်ဆင်နေသည်။

By Admin 07 Jun 2024

ငပလီမြို့ရှိ စစ်ကောင်စီ ခံစစ်တပ်စခန်းကို AA တိုက်ခိုက် 

DMG ၊ ဇွန် ၇

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ မဇင်ရပ်ကွက်တွင် စစ်ကောင်စီက ခံစစ်အဖြစ်ပြင်ဆင်ထားသည့် တပ်စခန်းကို အာရက္ခတပ်တော်(AA)က ဇွန်လ ၆ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဂေါ့ကျေးရွာအနီးတစ်ဝိုက်ရှိ စစ်ကြောင်းများကို AA တိုက်ခိုက်ထိန်းချုပ်ပြီးနောက် ငပလီမြို့၊ မဇင်ရပ်ကွက်ရှိ သံတွဲလေဆိပ်တွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူးကိုယ်တိုင်ကြီးကြပ်ကာ ခံစစ်အဖြစ်ခုခံရန် ပြင်ဆင်နေသည်။

“မဇင်လေဆိပ်ဖက်ကို မနေ့က အေအေဖက်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာရှိတယ်။ လက်နက်ကြီးကျည်နှစ်လုံး ကင်းစခန်းတစ်ခုမှာ ကျသွားတယ်။ စစ်ကောင်စီတပ်သားတွေ အထိအခိုက်ရှိတယ်လို့ ကြားသိရတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

AA ထိုးစစ်မှာ သံတွဲမြို့နှင့်နီးကပ်လာ၍ စစ်ကောင်စီက သံတွဲလေဆိပ်ကို ဇွန် ၃ ရက်မှစ၍ ယာယီပိတ်လိုက်သည်။ လက်ရှိတွင် သံတွဲလေဆိပ်ကို စစ်ကောင်စီက စစ်ဖက်ဆိုင်ရာအတွက် အသုံးချနေကြောင်း သိရသည်။ 

“လေကြောင်းကို အသုံးပြုပြီးတော့ စစ်ကောင်စီက အင်အားဖြည့်တင်းတာတွေ ရှိနေတယ်။ ပြည်သူတွေမှာတော့ မြို့တွင်းတိုက်ပွဲဖြစ်လာရင် ထွက်ပေါက်ပိတ်သွားမှာကို စိုးရိမ်နေရတယ်” ဟု သံတွဲဒေသခံ နောက်တစ်ဦးက ပြောသည်။ 

သံတွဲမြို့နှင့် မိုင် ၂၀ ကျော်အကွာတွင် စတင်ခဲ့သည့် စစ်ကောင်စီနှင့် AA တိုက်ပွဲမှာ လက်ရှိမှာ သံတွဲမြို့နှင့် ၂ မိုင်ခန့်အကွာထိ နီးကပ်လာနေပြီဖြစ်သည်။ 

မြို့ပေါ်အထိ ထိုးဖောက်လာနေသည့် AA ၏ အရှိန်မြင့်ထိုးစစ်ကို ခုခံရန်အတွက် စစ်ကောင်စီက မြို့တွင်းခံစစ်ကို အခိုင်အမာပြင်ဆင်နေသည်။ သံတွဲမြို့တွင် စစ်ကောင်စီ၏ ခမရ ၅၆၆၊ ခလရ ၅၅ တပ်ရင်းအပြင် မောင်ရွှေလေးရေတပ်စခန်းတစ်ခုရှိသည်။ 

ဗီဒီယိုများ