- ထိုင်းရောက် မြန်မာလုပ်သားများ အထောက်အထား သက်တမ်းတိုးရန် ခက်ခဲနေ
- တောင်ကုတ်မှ ထွက်ပြေးစစ်ကောင်စီတပ်က နိုင်ကျဉ်းများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား
- စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂွမြို့တွင်းနေအိမ်များ မီးလောင်
- တရုတ်နဲ့ AA ဆွေးနွေးမှု ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်သလဲ
- ဝါးတောင် စစ်ဘေးရှောင်များကို ယခုလကုန်အထိသာ စခန်းထဲ နေခွင့်ပြုတော့မည်
ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီက လေကြောင်းဖြင့် အသည်းအသန်ခုခံ
မြို့ကာတပ်ရင်း ခမရ(၅၆၃)ကို AA က ဒီဇင်ဘာလ ၁၃ ရက်မှစ၍ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများမှာ ယနေ့ နံနက်ပိုင်းထိ ပြင်းထန်လျက်ရှိနေကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
16 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၆
အာရက္ခတပ်တော်(AA)က ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို သိမ်းပိုက်နိုင်ရေး အရှိန်အဟုန်ပြင်းပြင်းဖြင့် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေကြောင်းပစ်ကူများဖြင့် အသည်းအသန်ခုခံနေ၍ တိုက်ပွဲပြင်းထန်နေသည်။
မြို့ကာတပ်ရင်း ခမရ(၅၆၃)ကို AA က ဒီဇင်ဘာလ ၁၃ ရက်မှစ၍ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများမှာ ယနေ့ နံနက်ပိုင်းထိ ပြင်းထန်လျက်ရှိနေကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“မနေ့ကဆိုရင် နေလယ် ၁၂ နာရီလောက်ကတစ်စီး၊ ၁ နာရီလောက်မှာတစ်စီး ဗုံးလာချတာ။ ဆေးရုံရယ်၊ မြို့မရပ်ကွက်အလယ်ရွာဖက်က တစ်နေရာ၊ သံတွဲမြို့ဖက်ကိုထွက်တဲ့ ဂွမြို့အထွက်က ကျော်ဇံဆီဆိုင်တွေကို ဗုံးကြဲချတာဗျ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဂွမြို့တွင် စစ်ကောင်စီ၏ ခမရ (၅၆၂)၊ ခမရ (၅၆၃) တပ်ရင်းတို့ရှိပြီး မြို့တွင်းအဆောက်အအုံဖြင့် မြို့အဝင်/ အထွက်တို့တွင် တပ်စခန်းများတိုးချဲ့ကာ ခံစစ်ပြင်ဆင်ထားသလို ဧရာတီဘက်ခြမ်း မကျေးငူရွာဘက်ကလည်း အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးခံတပ် ပြင်ဆင်ထားသည်။
ပြည်မဒေသနှင့်ထိစပ်နေသည့် ရခိုင်ပြည်တောင်ဘက်တကြောတွင် ဂွမြို့သာကျန်ရှိတော့ပြီး စစ်ကောင်စီက လက်ကျန်မြို့မကျရေး ဧရာတီဘက်က လူအင်အား၊ လက်နက်အင်အားများကို စစ်ကူတောက်လျှောက်ပို့ကာ ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
“တိုက်ပွဲတွေက အရင်းကိုပြင်းထန်နေတာ။ တစ်ခုစိုးရိမ်စရာက မြို့ထဲမှာရှိနေသေးတဲ့ ဒေသခံတွေအတွက်ပဲ။ တိုက်ပွဲမပြင်းခင်တုန်းက ဧရာဝတီဘက်မှာ စစ်ရှောင်နေသူတချို့ အဲ့ဖက်မှာ စားဝတ်နေရေး အဆင်မပြေလို့ မြို့ကိုပြန်ဝင်လာကြတာရှိတယ်။ သူတို့အားလုံး အခုပိတ်မိနေပြီ” ဟု မြေပြင်အခြေအနေကို သိရှိသူ ဂွဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ဒေသအတွင်း မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် ကျန်နေသေးသည့် မြို့များကို သိမ်းပိုက်နိုင်ရေး မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်က မြို့နယ် ၁၂ ခု၊ အမ်းမြို့တို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်၍ ဂွ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တို့သာ ကျန်ရှိတော့ပြီဖြစ်သည်။