ငွေစက္ကူသစ်ကြောင့် ငွေကြေးတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းမြင့်တက်လာနိုင်

မြန်မာနိုင်ငံတွင် အုပ်ချုပ်သူအဆက်ဆက်က ငွေစက္ကူသစ်များကို နိုင်ငံစီးပွားရေးနှင့် နိုင်ငံရေးဂယက်ရိုက်နေချိန်တွင် ထုတ်ဝေလေ့ရှိပြီး ပြည်သူလူထုမှာ ယင်း၏ အကျိုးသက်ရောက်မှုဒဏ်ကို ရင်ဆိုင်ကြရသည်။ 

By Admin 24 Jul 2023

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော ငွေစက္ကူများ။
မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော ငွေစက္ကူများ။

DMG ၊ ဇူလိုင် ၂၄

စစ်ကောင်စီကထုတ်ဝေမည့် ငွေစက္ကူသစ်ကြောင့် မြန်မာငွေတန်ဖိုးကျဆင်းပြီး ပြည်တွင်းကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။  

မြန်မာနိုင်ငံတွင် အုပ်ချုပ်သူအဆက်ဆက်က ငွေစက္ကူသစ်များကို နိုင်ငံစီးပွားရေးနှင့် နိုင်ငံရေး ဂယက်ရိုက်နေချိန်တွင် ထုတ်ဝေလေ့ရှိပြီး ပြည်သူလူထုမှာ ယင်း၏ အကျိုးသက်ရောက်မှုဒဏ်ကို ရင်ဆိုင်ကြရသည်။ 

ငွေစက္ကူသစ်ကြောင့် အခြေခံစားသောက်ကုန်နှင့် အရောင်းအဝယ်လုပ်ငန်းများကို သက်ရောက်မှုရှိလာနိုင်ပြီး နိုင်ငံအတွက် စိုးရိမ်စရာအခြေအနေသို့ ရောက်သွားနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။ 

“ပြည်သူလူထုမှာ သိပ်ပြီးတော့ ထိခိုက်ခံစားရတဲ့အခြေအနေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။  

“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်တည်ထားပြီးစီးမှုနှင့် ဆင်ဖြူတော်ရတနာ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ငွေစက္ကူသစ်ကို အကန့်အသတ်ဖြင့် ထုတ်ဝေသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း သုံးစွဲနေသော ငွေစက္ကူများအနက် ဟောင်းနွမ်းပြီး သုံးစွဲရန်မသင့်သော ငွေစက္ကူအမျိုးအစားတို့နှင့် တန်ဖိုးတူ လဲလှယ်ပေးခြင်းဖြင့် ဖြန့်ဝေသွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။ 

မြန်မာနိုင်ငံတွင် ငွေစက္ကူသစ်ထုတ်ဝေတိုင်း ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းမြင့်တက်လေ့ရှိ၍ စစ်ကောင်စီအနေဖြင့် စနစ်တကျ ထိန်းချုပ်ရန်လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခိုင်ကောင်းစံက ပြောသည်။  

“နိုင်ငံ့ဝန်ထမ်းတွေမှာလည်း လက်ရှိကုန်ဈေးနှုန်းတွေနဲ့ ကြည့်မယ်ဆိုရင် လစာက အရမ်းနည်းနေသေးတယ်။ ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်” ဟု ဦးခိုင်ကောင်းစံက ပြောသည်။  

စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ကြေညာပြီးနောက် ပြည်တွင်းရွှေဈေးကွက်မှာ အရောင်းအဝယ်လုပ်ငန်းများ ရပ်နားထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။  

ယင်းအပြင် ပြည်ပငွေလဲလုပ်ငန်းတချို့ ရပ်နားထားကြပြီး ပြည်တွင်းကုန်ဈေးနှုန်းများ မငြိမ်မသက်ဖြစ်ပေါ်နေ၍ ဈေးထပ်မံမြင့်တက်လာမည်ကို ပြည်သူများက စိုးရိမ်နေကြသည်။ 

 “စားသောက်ကုန်တွေ ဒီထက်ဈေးတက်လာရင် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေမှာ ဘယ်လိုမှ အဆင်မပြေဘူး။ အခုက မုန်တိုင်းနဲ့ အလုပ်တွေတောင် ပြန်မလုပ်ကြရသေးတာကို ကုန်ဈေးနှုန်းတွေထပ်တက်ရင် ဘယ်လိုမှ အဆင်မပြေဘူး” ဟု စစ်တွေမြို့ဒေသခံ ဒေါ်ဌေးဌေးက ပြောသည်။

စစ်ကောင်စီကို အားပေးအားမြောက်လုပ်နေသော Telegram စာမျက်နှာတစ်ခုတွင် - ငွေစက္ကူသစ် ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ကုန်ဈေးနှုန်းမြင့်တက်အောင် လှုံ့ဆော်သူများနှင့် နိုင်ငံခြားငွေလဲနှုန်းမြင့်တက်စေရန် ကြိုးပမ်းနေသူများကို အရေးယူသွားမည်ဟု ဗဟိုဘဏ်က ပြောဆိုထားကြောင်း ရေးသားထားသည်။ 

နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ စီးပွားရေးကျဆင်းနေချိန် စစ်ကောင်စီအနေဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို မထိန်းချုပ်နိုင်ပါက ရေရှည်မှာ တိုင်းပြည်အတွက် အခြေအနေမကောင်းကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။  

#R005