စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့တွင် မိုင်းအန္တရာယ် စိုးရိမ်နေရ 

ရခိုင်ပြည်မြို့တော် စစ်တွေမြို့လုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီက မြို့ပတ်ပတ်လည်နှင့် မြို့ဝင်ထွက်ဂိတ်များတွင် မိုင်းထောင်ထားသဖြင့်  ဒေသခံများမှာ မိုင်းအန္တရာယ်နှင့်ပတ်သက်၍ စိုးရိမ်နေကြသည်။

By Admin 18 May 2024

စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့တွင် မိုင်းအန္တရာယ် စိုးရိမ်နေရ 

DMG ၊ မေ ၁၈

ရခိုင်ပြည်မြို့တော် စစ်တွေမြို့လုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီက မြို့ပတ်ပတ်လည်နှင့် မြို့ဝင်ထွက်ဂိတ်များတွင် မိုင်းထောင်ထားသဖြင့်  ဒေသခံများမှာ မိုင်းအန္တရာယ်နှင့်ပတ်သက်၍ စိုးရိမ်နေကြသည်။

မေလ ၁၅ ရက်က စစ်တွေမြို့ ရွှေပြားရပ်ကွက်မှ အသက် (၃၈) နှစ်အရွယ် ဦးမောင်သန်းလှိုင်မှာ ဆွေမျိုးများရှိရာ ကျေးတောပိုက်ဆိပ်ရွာသို့သွားစဉ် မြစ်ကမ်းဘေးတွင် စစ်ကောင်စီထောင်ထားသည့်   မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက် ပြတ်သွားခဲ့ကြောင်း သိရသည်။

“အဲဒီနေ့ မနက်ပိုင်းက လိုအပ်ချက်တစ်ခုနဲ့ ကျေးတောပိုက်ဆိပ်ကျေးရွာက ဆွေမျိုးအိမ်ကိုသွားတာ အဲဒီအချိန် စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မိုင်းနင်းပြီး ခြေထောက်ပြတ်ခဲ့ရတာ” ဟု ရွှေပြားရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ဦးမောင်သိန်းလှိုင်မှာ ဒဏ်ရာပြင်းထန်မှုကြောင့် စစ်တွေဆေးရုံကြီးတွင် ဆေးကူသမှုခံယူနေရသည်။

စစ်တွေမြို့နယ် ထိစပ်နေသည့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့တိုကို AA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက စစ်တွေမြို့တွင်း၊ မြို့ပြင် လုံခြုံရေးကို တိုးချဲ့ကာ မိုင်းများထောင်ထားခြင်းဖြစ်သည်။

“စစ်တွေမြို့မှာ မိုင်းနင်းပြီး ဒဏ်ရာရသူတွေရှိလာတော့ မိုင်းအန္တရာယ်က စိုးရိမ်စရာ ဖြစ်နေတယ်။ အရင်ကဆို စစ်တွေမြို့မှာ မိုင်းထိတာ မရှိသလောက်ပဲ။ အခုကတော့ မြို့တွင်းမြို့ပြင် နေရာတိုင်းမှာ စစ်ကောင်စီက မိုင်းထောင်ထားတယ်လို့ သိရတယ်” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ဧပြီလ ၂၀ ရက်ကလည်း စစ်တွေဒေသခံ ၂၀၀ ခန့်မှာ မြို့မှတိမ်းရှောင်ကြစဉ် ကံ့ကော်ကျွန်းရှိ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ထွက်ပြေးကြရာ မိုင်းနင်းမိ၍  ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိကာ လူ ၁၀၀ ကျော်မှာလည်း ဖမ်းဆီးခံခဲ့ရသည်။ 

ယခုရက်ပိုင်းအတွင်း စစ်တွေမြို့ ရွာကြီးတောင်၊ ရွာကြီးမြောက်၊ ဘောက်သီးစု၊ စံပြ ရပ်ကွက်များရှိ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များကို ဧည့်စာရင်းအကြောင်းပြကာ စစ်ကောင်စီက ဝင်ရောက်စစ်ဆေးပြီး လူ ၁၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း သိရသည်။ 

စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး မြို့ခံအများအပြားမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီး ပိတ်မိနေသော မြို့ခံများမှာ မိုင်းအန္တရာယ်၊ စစ်ကောင်စီဖမ်းဆီးမှုနှင့် ကုန်စည်ပြတ်လပ်မှုဒဏ်များကို ခံစားနေကြရသည်။