ရခိုင်ရှိ ဆုံးရှုံးမြို့နယ်များမှ လဝက ရုံးများကို စစ်ကောင်စီက ရန်ကုန်တွင် ဖွင့်လှစ်ထား

လက်ရှိတွင် ရန်ကုန်သို့ စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်ဒေသခံများမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြားအပါအဝင်  အိမ်ထောင်စုစာရင်းများ အသစ်လဲခြင်း၊ ဖြည့်စွက်ခြင်းများပြုလုပ်ရန် ထို လဝက ရုံးများတွင် သွားရောက်လုပ်ဆောင်နေကြာင်း သိရသည်။ 

By Admin 26 Mar 2025

တောင်ကုတ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ပြုလုပ်သည့် လဝက ရုံး အခမ်းအနားတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ- NP News
တောင်ကုတ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ပြုလုပ်သည့် လဝက ရုံး အခမ်းအနားတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ- NP News

 
DMG ၊ မတ် ၂၆ 

အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် ရခိုင်ပြည်ရှိ မြို့နယ်များမှ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန (လဝက) ရုံးများကို စစ်ကောင်စီက ရန်ကုန်တွင် ရွှေ့ပြောင်းဖွင့်လှစ်ထားကြောင်း သိရသည်။ 

ဆုံးရှုံးမြို့နယ်များမှ လဝက ရုံးများကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နှင့် သာကေတမြို့တို့တွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားအပါအဝင် အိမ်ထောင်စုစာရင်းနှင့် သက်ဆိုင်သော စာရွက်၊ စာတမ်းများကို ပြုလုပ်ပေးလျက်ရှိသည်။ 

“ ရမ်းဗြဲကျွန်းအတွက်ကိုတော့ သာကေတက (လဝက) ရုံးထဲမှာ တွဲဖက်ဖွင့်ထားတယ်။ ကျန်တဲ့ ရခိုင်က မြို့နယ်အလိုက် ရုံးတွေကိုတော့ ဗဟန်းမြို့ အမှတ် (၃)လမ်းက ဓမ္မာရုံမှာ စုပေါင်းပြီး ဖွင့်ပေးထားတယ်” ဟု ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။ 

အဆိုပါ လဝက ရုံးများကို စစ်ကောင်စီက ယာယီသဘောဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ရုံးလုပ်ငန်းများလည်ပတ်ရေးအတွက် AA ထိန်းချုပ်နယ်မြေများမှ ရန်ကုန်သို့ ရွှေပြောင်းလာသော ရခိုင်လူမျိုး လဝက ဝန်ထမ်းများကို သက်ဆိုင်ရာမြို့နယ်အလိုက် တွဲဖက်ရာထူးများပေး၍ ခန့်အပ်ထားခြင်း ဖြစ်သည်။ 

လက်ရှိတွင် ရန်ကုန်သို့ စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်ဒေသခံများမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြားအပါအဝင်  အိမ်ထောင်စုစာရင်းများ အသစ်လဲခြင်း၊ ဖြည့်စွက်ခြင်းများပြုလုပ်ရန် ထို လဝက ရုံးများတွင် သွားရောက်လုပ်ဆောင်နေကြာင်း သိရသည်။ 

“ တချို့ကျတော့လည်း စစ်ဘေးကြားက ပြေးလာကြတာဆိုတော့ အိမ်ထောင်စု စာရင်း ပါမလာဘူး။ အဲလိုလူတွေအတွက်တော့ ခုလို ရုံးဖွင့်ထားတာ အဆင်ပြေတာပေါ့။ တချို့ကျတော့လည်း ရန်ကုန်မှာ အတည်နေဖို့ ဆုံးဖြတ်ချက်နဲ့ အိမ်ထောင်စုတွေ၊ မှတ်ပုံတင်တွေကို အပြောင်းအလဲ သွားလုပ်တာ မျိုးလည်း ရှိတယ်” ဟု ရန်ကုန်တွင် နေထိုင်သည့် ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။ 

ထိုသို့ ပြုလုပ်ရာတွင် အချို့မှာ စာရွက်စာတမ်းခစရိတ်အဖြစ် ငွေကျပ် ငါးထောင်ခန့်သာ ပေးဆောင်ရသူများရှိသလို အချို့မှာလည်း ငွေကျပ် ၅၀,၀၀၀ မှ ၃၀၀,၀၀၀ ကြားအထိ ပေးဆောင်ရ သူများလည်းရှိကြောင်း သိရသည်။ 

ရခိုင်တိုက်ပွဲတစ်နှစ်ကျော်အတွင်း စစ်ကောင်စီသည် အမ်းအခြေစိုက် (နပခ) တိုင်းဌာနချုပ်အပါအဝင် ရခိုင်က မြို့နယ် ၁၄ ခုကို ဆုံရှုံးထားမှုနှင့်အတူ အဆိုပါ မြို့နယ်များရှိ ၎င်းတို့၏ ဌာနဆိုင်ရာရုံးများကို စစ်တွေမြို့နှင့် ရန်ကုန်သို့ ရွှေ့ပြောင်းဖွင့်လှစ်ထားရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စသည့် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲကာလအတွင်း AA သည် ရခိုင်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်‌အောင် မြို့တို့ကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။ 

လက်ရှိတွင် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး မာန်အောင် တစ်ခုတည်းတွင်သာ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေ။