မီးဝတိုက်ပွဲအတွင်း ကျောက်တော်အထက်ပိုင်းမှ ဒေသခံ ၃၀ ကျော် ပျောက်ဆုံးနေဆဲ 

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း မီးဝကျေးရွာနှင့် တောင်ရှည်တောင်အနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA) တို့ကြား တိုက်ပွဲများ ရက်ပေါင်း ၄၀ ကျော်ကြာ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည်။

By Admin 12 Sep 2024

တင်းမသစ်ကျေးရွာမှ ပျောက်ဆုံးနေသူ ဦးကျော်ဝင်းမောင်
တင်းမသစ်ကျေးရွာမှ ပျောက်ဆုံးနေသူ ဦးကျော်ဝင်းမောင်

DMG ၊ စက်တင်ဘာ ၁၂ 

ရခိုင်ဒေသတွင် ပြီးခဲ့သည့် ပထမအကြိမ် စစ်ရေးကာလအတွင်း ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်း ကျေးရွာ (၄) ရွာမှ ဒေသခံ ၃၀ ကျော်မှာ ယနေ့အချိန်ထိ သတင်းအစနမရဘဲ ပျောက်ဆုံးနေကြောင်း DMG က စုံစမ်းသိရှိရသည်။ 

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း မီးဝကျေးရွာနှင့် တောင်ရှည်တောင်အနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA) တို့ကြား တိုက်ပွဲများ ရက်ပေါင်း ၄၀ ကျော်ကြာ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည်။ 

တိုက်ပွဲများကြောင့် တင်းမကြီး၊ တင်းမသစ်၊ မာလာ၊ မျောက်တောင်၊ ပြိုင်းတိုင်း၊ သာစည် စသည့်ကျေးရွာများမှ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အိမ်စောင့်ကျန်ခဲ့သူ၊ မသန်စွမ်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျန်နေခဲ့သူတချို့မှာ လုံးဝ ပျောက်ဆုံးနေခြင်းဖြစ်သည်။ 

DMG စုံစမ်းချက်အရ တင်းမကြီးရွာမှ ဒေသခံ ၁၆ ဦး၊ တင်းမသစ်ရွာမှ ၈ ဦး၊ ပြိုင်းတိုင်းရွာမှ ၆ ဦး၊ မာလာရွာမှ ၁ ဦး စုစုပေါင်း စုစုပေါင်း ၃၁ ဦး ပျောက်ဆုံးနေသည်။ 

တင်းမကြီးရွာမှ ရာအိမ်မှူး ဦးစိုးသိန်းက “ရွာမှာ အိမ်စောင့်ကျန်ခဲ့တဲ့သူတွေ၊ နေမကောင်းလို့ လမ်းမလျှောက်နိုင်တဲ့ သူတွေလည်း ပါတယ်။ သူတို့ကို နောက်တစ်ခေါက် လာခေါ်မယ်ဆိုပြီး ချန်ထားခဲ့တာ။ ခေါ်ဖို့ပြန်လာတဲ့အခါ  ဘယ်သူ့ကိုမှ မတွေ့တော့ဘူး” ဟု ပြောသည်။ 

ဒေသခံများနေရပ်စွန့်ခွာချိန် ရွာအနီးပတ်ဝန်းကျင်ရှိ တောင်များတွင် စစ်ကောင်စီက တပ်စခန်းအထိုင်ချထားခြင်း၊ ရွာစာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် တပ်စွဲနေထိုင်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။ 

ပြိုင်းတိုင်းကျေးရွာမှ ပျောက်ဆုံးနေသူများမှာ ဦးလှကျော်ဦး (၆၀)နှစ်၊ ဦးထွန်းအေးသာ (၅၀)နှစ်၊ ဦးဝမ်းဖားချေ (၅၀)နှစ်၊ ဦးထွန်းဘန်းအောင် (၇၁)နှစ်၊ ဦးမောင်အေးစိန် (၇၃)နှစ်နှင့် ဒေါ်မလှစိန်တို့ ဖြစ်သည်။ 

ပြိုင်းတိုင်းကျေးရွာမှ ဦးစိန်သာထွီးက “ကျနော်တို့ရဲ့ ဆွေမျိုးတစ်ယောက်ဆိုရင် သူက စိတ်မနှံ့တဲ့အထဲပါတယ်။ အိမ်နားက တစ်ယောက်နဲ့အတူ ကျန်ခဲ့တာ။ ပြန်လာတော့ ခြံဝန်းထဲမှာ အရိုးနဲ့ ဦးခေါင်းခွံကိုပဲ ပြန်တွေ့တယ်။ အသတ်ခံလိုက်ရတာလား၊ အစားအသောက်ငတ်လို့ သေသွားတာလား မသိဘူး။ တခြားလူတွေကတော့ အခုချိန်ထိ ပျောက်နေဆဲပါ” ဟု ပြောသည်။ 

ပျောက်ဆုံးနေသူများနှင့်ပတ်သက်၍ ၂၀၂၀၊ ၂၀၂၁ ခုနှစ်အတွင်း နီးစပ်သည့်ကျေးရွာများနှင့် အသိမိတ်ဆွေများထံ ဆက်သွယ်စုံစမ်းခဲ့သော်လည်း လုံးဝအဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောသည်။ 

မာလာကျေးရွာမှ ဦးသန်းမောင် (၅၂)နှစ် ပျောက်ဆုံးနေခြင်းနှင့်ပတ်သက်၍ မာလာကျေးရွာသား ဦးသိန်းထွန်းဦးက “သူက စစ်ရှောင်နေချိန် နေအိမ်ကို တစ်ခေါက်ပြန်ကြည့်ဖို့ သွားတဲ့အခါမှာ လုံးဝပျောက်သွားခဲ့တာ။ စစ်သားတွေ သတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။   

ကျောက်တော်မြို့နယ် ကုလားမြစ်အထက်ပိုင်းတလျှောက်မှ ဒေသခံများမှာ စစ်ကောင်စီနှင့် AA တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသွားပြီးနောက် စစ်ဘေးရှောင်စခန်း အသီးသီးတွင် ၄ နှစ် ကျော်ကြာနေထိုင်ခဲ့ရသည်။ 

ကျောက်တော်မြို့နယ်ကို AA သိမ်းပိုက်ပြီးနောက်တွင် မိမိကျေးရွာ၌ ပြန်နေထိုင်ခွင့်ရရှိခဲ့ကြပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပြန်လည်တည်ဆောက်ရေး စသည့် ကဏ္ဍအသီးသီးတွင် အခက်အခဲများ ရှိနေသည်။