မောင်တော နခခ ၅ အပြီးသတ်တိုက်ပွဲ အခြေအနေ ဘယ်လိုရှိနေလဲ

စစ်ကောင်စီသည် နခခ ၅ နှင့် အနီးနားဝန်းကျင်များကို နေ့၊ညမရွေး လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် Y 12 လေယာဉ်ဖြင့် စစ်လက်နက်၊ ရိက္ခာပစ္စည်းကို လေထီးဖြင့် ပစ်ချခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

By Admin 18 Oct 2024

မောင်တောမြို့ရှိ မကျီးချောင်းနယ်ခြားစောင့်စခန်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁ ရက်တွင် သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။  ဓာတ်ပုံ - AA Info Desk
မောင်တောမြို့ရှိ မကျီးချောင်းနယ်ခြားစောင့်စခန်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁ ရက်တွင် သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

DMG ၊ အောက်တိုဘာ ၁၈

နယ်စပ်ဒေသ မောင်တောမြို့ရှိ နောက်ဆုံး လက်ကျန်စခန်း တစ်ခုဖြစ်သည့် နခခ(၅) တပ်ရင်းကို အာရက္ခတပ်တော်(AA) က ယခုရက်ပိုင်း ပိုပြီးအရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေကာ စစ်ကောင်စီကလည်း လေကြောင်း ပစ်ကူပေး၍ အပြင်းအထန်ခုခံနေကြောင်း သိရသည်။

အဆိုပါတပ်စခန်းကို AA က အောက်တိုဘာ ၁၄ ရက်မှစကာ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ အချိန်ထိ တိုက်ပွဲများဆက်လက် ပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။

ယနေ့၊ အောက်တိုဘာ ၁၈ ရက်၊ နံနက်ပိုင်း ၉ နာရီခန့်တွင် နခခ ၅ အနီး ၃ မိုင်ဘက်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှင့် ဗုံးနှစ်လုံးကြဲချခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။

" နခခ ၅ ကို AA ထိုးစစ်ဆင်နေတာ ၄ ရက်ရှိပြီ။ တိုက်ပွဲက တော်တော်ပြင်းတယ်။ ဒီနေ့လည်း ပစ်နေကြတယ်။ စစ်ကောင်စီကလည်း လက်မလွှတ်ဖို့အတွက် ဒီရက်ပိုင်းမှာ ပိုပြီးလေယာဉ်တွေနဲ့ လာပစ်တာကို တွေ့ ရတယ် " ဟု သူက ဆိုသည်။

စစ်ကောင်စီသည် နခခ ၅ နှင့် အနီးနားဝန်းကျင်များကို နေ့၊ညမရွေး လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် Y 12 လေယာဉ်ဖြင့် စစ်လက်နက်၊ ရိက္ခာပစ္စည်းကို လေထီးဖြင့် ပစ်ချခဲ့ကြောင်း သတင်းရင်းမြစ်က ဆက်ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၁၇ ရက်ကလည်း စစ်ကောင်စီသည် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီကျော်အထိ ဂျက်တိုက်လေယာဉ်နှင့် တစ်နေ့လုံး ဗုံးကြဲခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၆ ရက်၊ နေ့လည် ၂ နာရီကျော်တွင် မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို လေကြာင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၄ ဦး ဒဏ်ရာရှိခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းအချို့ မီးလောင်ပျက်စီးသွားခဲ့သည်။

တိုက်ပွဲပြင်းထန်မှုနှင့်အတူ လေကြောင်းအသုံးပြုတိုက်ခိုက်မှု ပိုပြီးများပြားလာသောကြောင့် နခခ ၅ အနီးရှိ သာယာကုန်း၊ ၄ မိုင်၊ အောင်ဇေယျ၊ အောင်မင်္ဂလာ၊ ဖားဝပ်ချောင်းစသည့် ကျေးရွာတို့မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

" AA က နခခ ၅ ကို ဒီရက်ပိုင်း အပြတ်တိုက်နေတာ။ AA ဘက်ကလည်း ရှော့တိုက်ဒုံးတွေ၊ အမြောက်တွေ၊ ဒရုန်းတွေနဲ့ ပစ်နေသလို စစ်ကောင်စီကလည်း အပြင်းအထန်ခုခံနေတယ်။ အနီးနား ရွာသားတွေက ထွက်ပြေးနေကြရတယ်။ တစ်ဖက်မှာလည်း ဒီစစ်ဘေးရှောင်တွေမှာ ARSA တိုက်ခိုက်ခံရမှာကိုလည်း ကြောက်နေကြရတယ်" ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မောင်တောတိုက်ပွဲပြင်းထန်မှုနှင့်အတူ လက်နက်ကြီးကျရောက်ကာ မြေကြီးတုန်ခါနှုန်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းပြည်နယ်၊ Teknaf မြို့နယ်က ကျေးရွာတစ်ရွာတွင် လူနေအိမ် ၂၆ လုံး ထက်မနည်း အက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင့် Daily Sun သတင်းက ဖော်ပြသည်။

ရခိုင်ပြည်၊ မောင်တောမြို့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီအတွက် စီးပွားရေး၊ နိုင်ငံရေးအရ အရေးပါသည့် မြို့ကြီးဖြစ်သည်။