- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
- မြန်မာပြည်သူများအား ထောက်ပံ့နိုင်ရန် ဘက်ပေါင်းစုံနှင့်ဆွေးနွေးမည်ဟု WFP ကိုယ်စားလှယ်သစ် ပြော
- တိုက်ပွဲကြားပိတ်နေသည့် တောင်ကုတ်မြို့ခံများကို AA ကယ်ထုတ်နေ
- သန်းခေါင်စာရင်း ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူထားပြီဟု စစ်ခေါင်းဆောင်ပြော
- ကလေးသူငယ်များကို စာနာပေးဖို့ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့တွင် တောင်းဆို
မောင်တောတွင် စနိုက်ပါကျည်ထိမှန်၍ ကလေးတစ်ဦး ပြင်းထန်ဒဏ်ရာရ
နခခ ၅ တပ်ရင်းအနီးရှိ ကျေးရွာများကို စစ်ကောင်စီသည် လက်နက်ကြီး၊ လေကြောင်း၊ စနိုက်ပါတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေ၍ အရပ်သားထိခိုက်သေဆုံးမှုမှာလည်း မြင့်တက်လာနေသည်။
30 Oct 2024
DMG ၊ အောက်တိုဘာ ၃၀
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာမှ ကလေးငယ်တစ်ဦးမှာ စစ်ကောင်စီ၏ မြို့သူကြီး နခခ (၅) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် စနိုက်ပါကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဒဏ်ရာရရှိသွားသူမှာ အသက် ၅ နှစ်အရွယ် မောင်ကျော်ထွန်းလင်းဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်၊ ညနေ ၄ နာရီခန့်တွင် နခခ (၅)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် ကျည်မှာ ဝမ်းဗိုက်တွင် ထိမှန်၍ ပြင်းထန်ဒဏ်ရာရသွားခြင်း ဖြစ်သည်။
" ကလေးက အိမ်ရှေ့မှာ လမ်းလျှောက်နေတာ။ အဲဒီမှာ နခခ(၅) က ပစ်လိုက်တဲ့ ကျည်က သူ့ရဲ့ ဝမ်းဗိုက်မှာ ထိမှန်သွားတာ။ အခု ဆေးကုသမှုခံယူ နေရတယ်"ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ကံပြင်သာစည်ကျေးရွာသည် နခခ ၅ တပ်ရင်းနှင့် ၂ မိုင်ခန့်ကွာဝေးပြီး နခခ ၅ သည် မောင်တောမြို့နယ်အတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တစ်ခုတည်းသော တပ်စခန်းဖြစ်သည်။
အဆိုပါ တပ်ရင်းအနီးရှိ ကျေးရွာများကို စစ်ကောင်စီသည် လက်နက်ကြီး၊ လေကြောင်း၊ စနိုက်ပါတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေ၍ အရပ်သားထိခိုက်သေဆုံးမှုမှာလည်း မြင့်တက်လာနေသည်။
လက်ရှိတွင် နခခ(၅)အနီးရှိ ရွာသာယာ၊ သာသာကုန်း၊ ၄ မိုင်၊ မကျည်းကုန်း၊ ကံပြင်သာစည် စသည့် ကျေးရွာများရှိ ဒေသခံများနှင့် စစ်ဘေးရှောင်အချို့မှာ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်၍ ဘေးလွတ်ရာသို့ ထပ်မံ ထွက်ပြေးနေကြရသည်။
" ညဘက်ကျရင် အိပ်မရဘူး။ တောတောင်တွေဆီကို ပုန်းခိုရတယ်။ ဒါပေမယ့် တောင်တွေမှာက ARSA ရန်ကိုလည်း ကြောက်ရတယ်။ ဆင်အန္တရာယ်ကိုလည်း ကြောက်ရတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲမှာလည်း ကြောက်ရတယ်" ဟု စစ်ဘေးရှောင် မောင်တောဒေသခံ တစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၁ ရက်က မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေရွာကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့သည်။ အလားတူ အောက်တိုဘာ ၁၆ ရက်က အောင်မင်္ဂလာကျေးရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
မောင်တောမြို့နယ်တွင် ယခု အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ အပါအဝင် စနိုက်ပါတို့ဖြင့် ပစ်ခတ်ခံရမှုကြောင့် အရပ်သား သေဆုံး ၇ ဦးနှင့် ဒဏ်ရာရ ၂၃ ဦးအထိရှိလာနေကြောင်း DMG ၏ စာရင်းအရ သိရသည်။