ဗြိတိန်တွင် တွေ့ရှိသော မျောက်ကျောက်မျိုးကွဲသစ် ပထမဆုံးလူနာ၏ အိမ်ထောင်စုဝင်များထံသို့ ပျံ့နှံ့
မျိုးကွဲသစ်အုပ်စု 1b သည် ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေး အခြေအနေနှင့် ချိတ်ဆက်နေသော မျောက်ကျောက်ဗိုင်းရပ်စ်၏ ပုံစံသစ်ဖြစ်သည်ဟု ဩဂုတ်လတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့သည်။
05 Nov 2024
ဗြိတိန်နိုင်ငံတွင် မျောက်ကျောက်မျိုးကွဲသစ်အုပ်စု 1b ကူးစက်ခံခဲ့ရသော ပထမဆုံးလူနာ၏ အိမ်ထောင်စုဝင် အဆက်အသွယ်များထံ၌ နောက်ထပ် ကူးစက်မှု နှစ်ခုကို တွေ့ရှိလိုက်ရသည်ဟု နိုင်ငံကျန်းမာရေး လုံခြုံရေးအေဂျင်စီ (UKHSA) က တနင်္လာနေ့ (နိုဝင်ဘာ ၄ ရက်) တွင် ပြောကြားခဲ့ပြီး လက်ရှိတွင် စုစုပေါင်းအတည်ပြု လူနာအရေအတွက်မှာ ၃ ဦးအထိ ရှိသွားခဲ့ပြီဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။
မျောက်ကျောက်မျိုးကွဲသစ် အုပ်စု 1b ကူးစက်မှုမှာ လက်ရှိတွင် လူထုအတွက် အန္တရာယ်နည်းပါးသည့် အဆင့်၌သာ ရှိသေးသည်ဟု အစိုးရအေဂျင်စီက ဆက်လက် ပြောကြားသည်။
မျိုးကွဲသစ်အုပ်စု 1b သည် ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေး အခြေအနေနှင့် ချိတ်ဆက်နေသော မျောက်ကျောက်ဗိုင်းရပ်စ်၏ ပုံစံသစ်ဖြစ်သည်ဟု ဩဂုတ်လတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့သည်။
“မျောက်ကျောက်(Mpox)က အနီးကပ်ထိတွေ့တဲ့ အိမ်ထောင်စုဝင်တွေထဲမှာ အရမ်းကို ကူးစက်လွယ်ပါတယ်။ ဒါကြောင့် တူညီတဲ့ အိမ်ထောင်စုဝင်တွေဆီမှာ နောက်ထပ်ဖြစ်ပွားမှုတွေကို ထပ်တွေ့ရတာဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး” ဟု နိုင်ငံကျန်းမာရေးလုံခြုံရေးအေဂျင်စီ (UKHSA) က ပြောကြားသည်။
ပြီးခဲ့သည့်သီတင်းပတ်က အာဖရိကတိုက်ရှိ မျောက်ကျောက်ရောဂါ ထိခိုက်သက်ရောက်မှုရှိသော နိုင်ငံများသို့ ခရီးသွားရောက်ခဲ့သော လူနာတစ်ဦးကို လန်ဒန်တွင် တွေ့ရှိခဲ့ပြီးနောက် တစ်ဦးကို အထူးကုဆေးရုံသို့ လွှဲပြောင်းတင်ပို့လိုက်ကြောင်း နိုင်ငံကျန်းမာရေးလုံခြုံရေးအေဂျင်စီ (UKHSA) က ပြောကြားခဲ့သည်။
လူနာသစ်နှစ်ဦးကို မြို့ရှိ အထူးစောင့်ရှောက်မှုအောက်တွင် ထားရှိကြောင်းနှင့် နောက်ထပ် အခြားသော အတည်ပြုရောဂါဖြစ်ပွားမှုများ ဖြစ်ပေါ်လာခဲ့ပါက တုံ့ပြန်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူများကို အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း UKHSA က ထပ်လောင်း ပြောကြားခဲ့သည်။
အာဖရိကနိုင်ငံပေါင်း ၁၉ နိုင်ငံတွင် ယခုနှစ်အတွင်း မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူ ၁,၀၄၈ ဦး အပါအဝင် သံသယဖြစ်ဖွယ်ရာ လူနာအရေအတွက် ၄၈,၀၀၀ ကျော်ကို တွေ့ရှိခဲ့ရပြီး အာဖရိကတိုက်တွင် မျောက်ကျောက်ဖြစ်စဉ်မှာ ယမန်နှစ်ကထက် ၅၀၀ ရာခိုင်နှုန်း တိုးလာကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (Africa CDC) ၏ ထုတ်ပြန်ချက်အရ သိရသည်။