ထိုင်းတွင် မျောက်ကျောက်ရောဂါ ကူးစက်မှု ၁၀၀ အထိရှိလာ

ကမ္ဘာတဝန်းတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကမ္ဘာ့နိုင်ငံ ၁၁၆ နိုင်ငံတွင် မျောက်ကျောက်လူနာ ၉၉၀၀၀ ဦး ရှိခဲ့ပြီး ဤရောဂါဖြင့် သေဆုံးသူ ၂၀၈ ဦးရှိကြောင်း WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။

By Admin 20 Aug 2024

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ၌ Clade 2 အမျိုးအစား မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသူ လူနာအရေအတွက်သည် သြဂုတ်လ ၁၉ ရက်နေ့တွင် ၁၀၀ အထိ ရှိနေပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ မရှိသေးသော်လည်း အိမ်နီးချင်းနိုင်ငံများ၌ ကူးစက်မှုများ ရှိနေသည့်အတွက် သတိအနေအထားဖြင့် အသင့်ပြင်ထားသည်ဟု မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတွင် လတ်တလော၌ မျောက်ကျောက်လူနာအဖြစ် အတည်ပြုထားသူ မရှိသေးပေ။ သို့သော်လည်း ၂၀၂၂ ခုနှစ်နောက်ပိုင်းမှ ယခုနှစ် မတ်လအထိ အိန္ဒိယ၌ မျောက်ကျောက်လူနာ ၃၀ ဦးရှိခဲ့သည်။ လက်ရှိတွင် အစိုးရက ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်များတွင် သတိအနေအထားဖြင့် အသင့်ရှိနေကြရန် အသိပေးထားသည်။

ပါကစ္စတန်နိုင်ငံတွင် မျောက်ကျောက်လူနာ တစ်ဦးတွေ့ရှိထားကြောင်း သြဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သလို ဖိလစ်ပိုင်တွင်လည်း တစ်ဦးတွေ့ထားကြောင်း ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဥရောပဒေသတွင်လည်း လစဉ် မျောက်ကျောက်ကူးစက်မှု အသစ် ၁၀၀ ဝန်းကျင်ခန့်ရှိနေသည်။

ကွန်ဂို၊ ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနှင့် ယူဂန်ဒါအပါအဝင် အာဖရိကနိုင်ငံ အများအပြား၌ မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှုများ တွေ့ရှိရပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးအတိုင်းအတာဖြင့် စိုးရိမ်ဖွယ်ရာ အရေးပေါ်အခြေအနေအဖြစ် သြဂုတ်လ ၁၄ ရက်နေ့တွင် သတ်မှတ် ကြေညာခဲ့သည်။

ကမ္ဘာတဝန်းတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကမ္ဘာ့နိုင်ငံ ၁၁၆ နိုင်ငံတွင် မျောက်ကျောက်လူနာ ၉၉၀၀၀ ဦး ရှိခဲ့ပြီး ဤရောဂါဖြင့် သေဆုံးသူ ၂၀၈ ဦးရှိကြောင်း WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။

မျောက်ကျောက်ရောဂါကို အဓိကအားဖြင့် Clade 1 နှင့် Clade 2 ဟူ၍ နှစ်မျိုး သတ်မှတ်ထားသည်။ Clade 2 အမျိုးအစားသည် ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့မှုများမှတစ်ဆင့် ကူးစက်နိုင်သည်။ Clade 1 မှာမူ ကူးစက်ရန် ပိုလွယ်ပြီး အသက်ရှူလမ်းကြောင်း မှတစ်ဆင့်လည်း ကူးစက်နိုင်သည်။ 

ကျား၊ မ၊ လူကြီး၊ လူူငယ်မရွေး ဤရောဂါ ကူးစက်နိုင်သော်လည်း Clade 1 ဖြင့် သေဆုံးသူ အများစုမှာ ကလေးများ ဖြစ်သည်။ လက်ရှိအထိ Clade 2 အမျိုးအစား ကူးစက်ခံထားရသူ အများစုမှာ အမျိုးသားများဖြစ်ပြီး အထူးသဖြင့် လိင်တူဆက်ဆံသူများ ဖြစ်သည်။

ဤရောဂါသည် ပုံမှန်အားဖြင့် ပြင်းထန်လေ့မရှိသော်လည်း အချို့ကူးစက်မှုများတွင် သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။ ရောဂါဖြစ်ပွားပါက ငှက်ဖျားကဲ့သို့ အဖျားတက်ခြင်း၊ ကြွက်သားများ နာကြင်ခြင်း၊ အရေပြားတွင် အနီကွက်များ ပေါ်ခြင်းကဲ့သို့ ရောဂါလက္ခဏာများ တွေ့ရသလို ကိုယ်ခန္ဓာပေါ်၌လည်း အရည်ကြည်ဖုများနှင့် ပြည်တည်နာများ ပေါက်လာတတ်သည်။

မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသူဟု ယူဆရသူများနှင့် အနီးကပ် ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း၊ လိုအပ်ပါက လက်အိတ်နှင့် နှာခေါင်းစည်းတို့ ဝတ်ဆင်ပြီးမှ ထိတွေ့ခြင်း၊ လက်ကို ဆပ်ပြာသို့မဟုတ် လက်သန့်ဆေးဖြင့် ဆေးကြောခြင်းဖြင့် ရောဂါကူးစက်မှုကို ရှောင်နိုင်ကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။