မျောက်ကျောက်ကာကွယ်ဆေး အာဖရိကတွင် ရက်အနည်းငယ်အတွင်း ထိုးနှံနိုင်တော့မည်

အာဖရိကနိုင်ငံများတွင် ပြီးခဲ့သော သီတင်းပတ်အတွင်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသည့် လူနာအသစ် ၁,၄၀၀ ကျော်ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း အာဖရိက ၁၂ နိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုစုစုပေါင်း ၁၉,၀၀၀ နီးပါးရှိနေပြီဖြစ်သည်။

By Admin 21 Aug 2024

ဓာတ်ပုံ - AP
ဓာတ်ပုံ - AP

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံအပါအဝင် အာဖရိကနိုင်ငံများတွင် မျောက်ကျောက်ရောဂါ ကာကွယ်ဆေးအား လာမည့်ရက်အနည်းငယ်အတွင်း ထိုးနှံနိုင်တော့မည် ဖြစ်ကြောင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အာဖရိကနိုင်ငံများ စင်တာ (အာဖရိက CDC) က ပြောကြားလိုက်သည်။

“ကာကွယ်ဆေး ထိုးနှံမှုတွေကို မစတင်ရသေးပါဘူး။ လာမယ့်ရက် အနည်းငယ်အတွင်း အကုန်လုံး အဆင်သင့် ဖြစ်ပြီးတာနဲ့ စတော့မှာပါ။ ကွန်ဂိုနဲ့ အခြားနိုင်ငံတွေဆီမှာ လာမယ့်သီတင်းပတ်အကုန်မှာ ကာကွယ်ဆေးတွေ ရောက်တော့မှာပါ” ဟု အာဖရိက CDC အထွေထွေ ညွန်ကြားရေးမှူး ဂျင်ကာဆီယာက သြဂုတ်လ ၂၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကာကွယ်ဆေးများကို လုံခြုံစွာ သိမ်းဆည်းနိုင်ရန်နှင့် လိုအပ်သူများထံသို့ လုံခြုံစွာ ဖြန့်ချိပေးနိုင်ရန်အတွက် သယ်ယူပို့ဆောင်မှု စီမံခန့်ခွဲရေးကို အဆင်ပြေအောင် ဆောင်ရွက်ရမည်ဟုလည်း သူက ပြောသည်။

အာဖရိက CDC သည် ဥရောပသမဂ္ဂ၊ ဆေးဝါးကုမ္ပဏီ ဘာရေးရီးယန်းနောဒစ်၊ အမေရိကန်၊ ဂျပန်တို့က ကတိပြုထားသည့် မျောက်ကျောက်ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်များအတွက် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

မျောက်ကျောက်ရောဂါကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အလေးထားရမည့် အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုလ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ ဤရောဂါကို ၂ နှစ်တာအတွင်း ဒုတိယအကြိမ်အဖြစ် ထပ်မံ၍ အရေးပေါ်အခြေအနေ သတ်မှတ် ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

အာဖရိကနိုင်ငံများတွင် ပြီးခဲ့သော သီတင်းပတ်အတွင်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသည့် လူနာအသစ် ၁၄၀၀ ကျော်ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း အာဖရိက ၁၂ နိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုစုစုပေါင်း ၁၉၀၀၀ နီးပါးရှိနေပြီဖြစ်သည်။

မျောက်ကျောက်ရောဂါသည် ပိုးရှိသူနှင့် အနီးကပ် ထိတွေ့ဆက်ဆံမှုများမှ တစ်ဆင့် ကူးဆက်နိုင်ပြီး ယခုနောက်ဆုံး တွေ့ရှိထားသည့် ရောဂါပိုးမျိုးကွဲ Clad 2 မှာ အသက်ရှူ လမ်းကြောင်းမှတစ်ဆင့်ပါ ကူးစက်နိုင်ပြီး ကူးစက်နှုန်း အလွန်မြန်ဆန်သည်။

လတ်တလောတွင် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ၌ Clad 2 အမျိုးအစား ကူးစက်ခံထားရသူ လူနာတစ်ဦးကို ပထမဆုံးအဖြစ် တွေ့ရှိထားကြောင်း ထိုင်းသတင်းဌာနများတွင် ယနေ့ (သြဂုတ် ၂၁) ဖော်ပြထားသည်ကို တွေ့ရသည်။

မျောက်ကျောက်ရောဂါသည် ပုံမှန်အားဖြင့် ပြင်းထန်လေ့မရှိသော်လည်း အချို့ကူးစက်မှုများတွင် သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။ ရောဂါဖြစ်ပွားပါက ငှက်ဖျားကဲ့သို့ အဖျားတက်ခြင်း၊ ကြွက်သားများ နာကြင်ခြင်း၊ အရေပြားတွင် အနီကွက်များ ပေါ်ခြင်းကဲ့သို့ ရောဂါလက္ခဏာများ တွေ့ရသလို ကိုယ်ခန္ဓာပေါ်၌လည်း အရည်ကြည်ဖုများနှင့် ပြည်တည်နာများ ပေါက်လာတတ်သည်။

မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသူဟု ယူဆရသူများနှင့် အနီးကပ် ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း၊ လိုအပ်ပါက လက်အိတ်နှင့် နှာခေါင်းစည်းတို့ ဝတ်ဆင်ပြီးမှ ထိတွေ့ခြင်း၊ လက်ကို ဆပ်ပြာသို့မဟုတ် လက်သန့်ဆေးဖြင့် ဆေးကြောခြင်းဖြင့် ရောဂါကူးစက်မှုကို ရှောင်နိုင်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဌာန၏ သြဂုတ်လ ၁၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။