မျောက်ကျောက်ရောဂါ စိုးရိမ်စရာဖြစ်လာဟု WHO ကြေညာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က “ကူးစက်မှုကို ရပ်တန့်နိုင်ရန်နှင့် လူ့အသက်ပေါင်းများစွာကို ကာကွယ်ရန် နိုင်ငံတကာအဆင့် ညှိနှိုင်းဖို့ လိုအပ်လာသည်”ဟု ပြောဆိုသည်။

By Admin 16 Aug 2024

ဓာတ်ပုံ - WHO
ဓာတ်ပုံ - WHO

DMG ၊ ဩဂုတ် ၁၆

အာဖရိကတိုက် ကွန်ဂိုနိုင်ငံမှ စတင်ခဲ့သည့် မျောက်ကျော်ရောဂါ (Monkeypox) မှာ နိုင်ငံတကာမှ စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးအပေါ်အခြေအနေသို့ ရောက်ရှိနေပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

ရောဂါစတင်ခဲ့သည့် ကွန်ဂိုသမ္မတနိုင်ငံတွင် ကူးစက်ခံရသူပေါင်း ၁၃,၇၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၄၅၀ ကျော် အထိ မြင့်တက်လာနေသည်။ လက်ရှိတွင် အာဖရိကတိုက် အရှေ့ပိုင်းနှင့် အလယ်ပိုင်းမှ နိုင်ငံအများအပြားတွင် ကူးစက်ပြန့်နှံ့မှုမြင့်တက်နေပြီး ဥရောပတိုက် ဆွီဒင်နိုင်ငံမှာပင် ရောဂါတွေ့ရှိသူများ ရှိလာနေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က “ကူးစက်မှုကို ရပ်တန့်နိုင်ရန်နှင့် လူ့အသက်ပေါင်းများစွာကို ကာကွယ်ရန် နိုင်ငံတကာအဆင့် ညှိနှိုင်းဖို့ လိုအပ်လာသည်”ဟု ပြောဆိုသည်။

မျောက်ကျောက်ရောဂါမှာ ရောဂါရှိသူတစ်ဦးနှင့် လိင်ဆက်ဆံမှု၊ အသားချင်းထိတွေ့မှု၊ နီးကပ်စွာစကားပြောဆိုမှု၊ အသက်ရှုခြင်းကို အနီးကပ်ထိတွေ့မှုတို့မှ ကူးစက်နိုင်ကြောင်း WHO က ဆိုသည်။

ရောဂါကူးစက်ခံရပါက ကိုယ်အပူချိန်မြင့်တက်ပြီး၊ ဖျားနာခြင်း၊ အဖုအပိန့်များပေါက်ခြင်း၊ အရေပြားကွဲအက်ခြင်း နှင့် သေဆုံးနိုင်ကြောင်း ဆိုသည်။  ကူးစက်မှုနှုန်းမြင့်မားပြီး ၁၀၀ လျှင် ၄ ဦးထိ သေဆုံးနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ကူးစက်မှုများကို တားဆီးနိုင်ရန် ကာကွယ်ဆေးများ ကြိုတင်ထိုးထားနိုင်သော်လည်း ဆေးအလွန် နည်းပါးနေသေးကြောင်း WHO က ဆိုသည်။ 

မျောက်ကျောက်ရောဂါသည် ၁၉၇၀ ခုနှစ်ကတည်းက ကွန်ဂိုသမ္မတနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပြီး ပြင်းထန်မှုမရှိခဲ့ဘဲ ယခုအချိန်တွင် ရောဂါပိုးသည် မျိုးရိုးဗီဇ သန္ဓေပြောင်းလဲခြင်းကြောင့် စိုးရိမ်ရသည့်အနေအထား ဖြစ်လာသည်။

လက်ရှိတွင် အာဖရိကတိုက်အပြင် ကမ္ဘာတစ်ဝန်းလုံးတွင် ကူးစက်မှုပေါင်း ၈၇,၀၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။

မျောက်ကျောက်ရောဂါအား ကာကွယ်နိုင်သည့် နည်းလမ်းများမှာ တိရစ္ဆာန်များအား အကာအကွယ်ဖြင့်သာထိရန်၊ ဖျားနာလူများအသုံးပြုထားသည့် အသုံးအဆောင်များအား မသုံးစွဲရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ရန် လိုအပ်သည်။