ရခိုင်စစ်ရေးတစ်နှစ်အတွင်း ၅ နှစ်အောက်ကလေး သေဆုံးဒဏ်ရာရရှိသူ ၂၀ ကျော်ရှိ
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ပြီး ကလေးသူငယ်များ၏ စိတ်ဒဏ်ရာများကို ကုစားရန် အသိပညာပေးမှုများ လိုအပ်နေကြောင်း မိဘများက ပြောဆိုကြသည်။
16 Nov 2024
DMG ၊ နိုဝင်ဘာ ၁၆
ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ တိုက်ပွဲတစ်နှစ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ စစ်ကျန်လက်နက်တို့ကြောင့် အသက် ၅ နှစ်အောက် ကလေးသူငယ် သေဆုံးဒဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း DMG ၏ စာရင်းပြုစုချက်အရ သိရသည်။
ကလေးသူငယ် ၇ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ မင်းပြား ၃ ဦး၊ သံတွဲ ၂ ဦး၊ ပေါက်တော ၁ ဦး၊ မြောက်ဦး ၁ ဦးဖြစ်ကာ ဒဏ်ရာရရှိသူများမှာ မောင်တော ၄ ဦး၊ ပုဏ္ဏားကျွန်း ၃ ဦး၊ ကျောက်တော် ၃ ဦး၊ မင်းပြား ၃ ဦး၊ မြောက်ဦး ၂ ဦး၊ အမ်း ၁ ဦး တို့ဖြစ်သည်။
(အဆိုပါအရေအတွက်မှာ DMG က လက်လှမ်းမီသလောက် ကောက်ယူရရှိထားသည့် စာရင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုများနိုင်ပါသည်။)
ပေါက်တောမြို့မှ စစ်ဘေးရှောင် ကလေးမိခင်တစ်ဦးက “ညအိပ်နေရင်လည်း အသံတစ်ခုခုကြားရင် လေယာဉ်လာတယ်ဆိုပြီး လန့်ပြီး အော်ငိုတာတွေ၊ ကယောင်ချောက်ချား ဖြစ်တာတွေရှိတယ်။ ကလေးတွေက လူကြီးတွေထက် စိတ်ဒဏ်ရာ ပိုရစေတယ်။ စိတ်ဒဏ်ရာတစ်ခုရသွားရင် ကြီးတဲ့အချိန်ထိ အဲဒီစိတ်ဒဏ်ရာက ပါသွားတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ပြီး ကလေးသူငယ်များ၏ စိတ်ဒဏ်ရာများကို ကုစားရန် အသိပညာပေးမှုများ လိုအပ်နေကြောင်း မိဘများက ပြောဆိုကြသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်က စစ်ကောင်စီနေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်၊ ဆားပြင်ကြီးရွာမှ အသက် ၅ နှစ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၄ ဦးဒဏ်ရာရရှိပြီး ၂ ဦးသေဆုံးခဲ့သည်။
အလားတူ မေလ ၂၁ ရက်ကလည်း လေကြောင်းပစ်ခတ်မှုကြောင့် မောင်တောမြို့နယ်၊ ရွှေဗဟိုကျေးရွာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၆ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
လက်ရှိတွင်လည်း စစ်ကောင်စီသည် AA ထိန်းချုပ်ထားသည့် ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေ၍ ကလေးသူငယ်များမှာ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို ဆိုးရွားစွာခံစားနေရသည်။
“သူတို့ပစ်ချင်ရင် AA ရှိတဲ့နေရာတွေကို သွားကြဲပေါ့။ အခုက အရပ်သားတွေနေတဲ့ နေရာတွေကို ပစ်မှတ်ပြီးတော့ လေကြောင်းကနေ ပစ်ခတ်နေတယ်။ အပြစ်မရှိတဲ့ ကလေးငယ်တွေ၊ ဒေသခံတွေ သေဆုံးနေရတယ်။ ဒါတွေကတော့ စစ်ကောင်စီက လူ့အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်” ဟု ရခိုင်မှ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
ဂျီနီဗာကွန်ဗင်းရှင်း (အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေ) တွင် ပဋိပက္ခတွင်ပါဝင်သည့် လက်နက်ကိုင်အဖွဲ့များသည် တိုက်ပွဲဝင်စစ်သည်များနှင့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်များကိုသာ တိုက်ခိုက်ရမည်ဖြစ်ပြီး အရပ်သားများ၊ အရပ်ဘက်/ ဆေးဘက်ဆိုင်ရာ အဆောက်အုံများနှင့် ဘာသာရေးအဆောက်အအုံများအား ဦးတည်တိုက်ခိုက်ခြင်း မပြုလုပ်ရကြောင်း ပြဌာန်းထားသည်။
တိုက်ပွဲတစ်နှစ်တာအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ရခိုင်ပြည်တွင် အရပ်သား အရပ်သား ၆၀၅ ဦး သေဆုံးပြီး ၁,၀၅၅ ဦး ဒဏ်ရာရရှိကာ ယင်းအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် သေဆုံးသူ ၈၂ ဦး နှင့် ဒဏ်ရာရရှိသူ ၂၁၄ ဦး ပါဝင်ကြောင်း DMG ၏ စာရင်းပြုစုချက်အရ သိရသည်။